တိုင်းရင်းသား ပြည်သူလူထု၏ အင်အားဖြင့် စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မည်ဖြစ်သဖြင့် ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်ရေးကို အစဉ်တစိုက် ကြိုးပမ်းလျှက်ရှိသည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်မှ ၇၉ နှစ်ပြည့် မွန်တော်လှန်ရေးနေ့တွင် အသိပေးထုတ်ပြန်သည်။

လက်နက်ကိုင်တော်လှန်ရေးသည် မွန်လူမျိုးများ၏ အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိမည်ဟု ယုံကြည်သဖြင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD (RMA) မှ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်လျှက်ရှိသည်။
ခိုင်မာသည့် တပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းလျှက်ရှိသော်လည်း လူမျိုးပေါင်းစုံ၊ တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံနှင့် အဖွဲ့တစ်ဖွဲ့ချင်း၏ဖြစ်တည်မှု နောက်ခံသမိုင်းနှင့် အကျိုးစီးပွားများ မတူကွဲပြားမှုကြောင့် ညှိနှိုင်း ဆွေးနွေးမှုများ အချိန်ယူရမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
လက်ရှိတွင်လည်း ရာမညမွန်တပ်တော်မှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများနှင့်အတူ "မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးအစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါချာတာအတွင်း မွန်ပြည်နယ်တစ်ခုလုံးကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးပုံစံတစ်ခုအဖြစ် တည်ဆောက်ရန် လိုအပ်သည်များ ပါဝင်နိုင်သည်ဟုလည်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောဆိုသုံးသပ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်မှ အမျိုးသားအချင်းအချင်းကြား အမြင်မတူညီမှုများကို ဘေးဖယ်ကာ နာလည်းမှုရှိရှိနှင့် မွန်အမျိုးသားအလံအောက်တွင် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ယနေ့ ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် ထုတ်ပြန် ပြောကြားသည်။




