Homeသတင်းစစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်အား ရှောင်ရှားနေထိုင်ရန် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေး

စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်အား ရှောင်ရှားနေထိုင်ရန် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေး

-

တနင်္သာရီမြို့နယ်တွင် စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသဖြင့် အကြမ်းဖက်စစ်တပ်အား ရှောင်ရှားနေထိုင်ရန် ဒေသတွင်း လှုပ်ရှားနေသည့် လင်းယုန်စစ်ကြောင်းနှင့် တနင်္သာရီ တိုင်းစစ်ဌာန မြိတ်ခရိုင်အမှတ်-၃ တပ်ရင်းမှ သြဂုတ် ၂၅ ရက်နေ့က သတိပေး ထုတ်ပြန်သည်။

သတိပေးချက်အရ တနင်္သာရီမြို့နယ်အတွင် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျေးရွာများအတွင်း စစ်တပ်အဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာ နေသည်။

စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်ကြောင်းနှင့်တူ ခေါ်ယူပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသူများသည် သာမန်အရပ်သားအချို့ပါဝင်ပြီး စစ်တပ်သတင်းပေးများ ပိုမိုများပြားနေကြောင်း မြိတ်ခရိုင် အမှတ်-၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။

“ အများစုက ဒီစစ်တပ်သတင်းပေးတွေ ဖြစ်နေတယ်။ သူတို့ကို လမ်းပြခိုင်းတာပေါ့၊ ကျနော်တို့လဲ လုပ်ရကိုင်ရခက်တယ်။ အဲ့ကြောင့်ပြည်သူတွေ သူတို့စစ်ကြောင်းထိုးလာရင် ဘေးလွတ်တဲ့နေရာတွေ ရှောင်ပေးပါ။ တိုက်ပွဲတွေဖြစ်လာရင်လည်း မထိခိုက်ရအောင်လို့ပါ။ ” ဟု မြိတ်ခရိုင် အမှတ် -၂ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။

စစ်ကော်မရှင်တပ်ထံ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလာပါက အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် စစ်တပ်၏ စစ်ကြောင်းများကို ရှောင်ရှားနေထိုင်ကြရန် ဆိုသည်။

သတိပေးချက်အား မလိုက်နာဘဲ တိုက်ပွဲများအတွင်း အရပ်သားထိခိုက်မှု ဖြစ်ပွားလာပါက မိမိနှင့်သာသက်ဆိုင်ကြောင်းလည်း ထပ်ဆင့်သတိပေးထားသည်။

မြိတ်ခရိုင်အမှတ်-၃ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက “ရန်သူဘက်က တနင်္သာရီမြို့နယ်အတွင်းမှာ နေရာတော်တော်များများ စစ်ကြောင်းထိုးနေတယ်၊ အင်အားကအတိကျပြောလို့မရသေးလို့ပါ။ အခုလက်ရှိ စစ်တပ်ဘက်က တိုက်ပွဲတွေဖြစ်ပြီးအထိနာ ပြန်ဆုတ်သွားတယ် လက်နက်ကြီးကလဲ ဆက်တိုက်ပစ်နေပါတယ်။ မနေ့ကပစ်တာ တော်တော်များတယ်။ ” ဟု သူက ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က အထိနာနေသဖြင့် လက်ရှိတွင် စစ်ကြောင်းများပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်နက်ကြီးများ ဆက်တိုက်ရမ်းသမ်းပစ်ခတ်မှုများ‌ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် မနက် ၉ နာရီခန့်၌ ဘန်လောရွာ၊ မီးလောင်ကုန်းအနီးတွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဘန်လောလမ်းဆုံအနီးတွင် တစ်ကြိမ်နှင့် ညနေ ၃ နာရီခန့်တွင် ကျွဲထိန်းကုန်းစာသင်ကျောင်းအနီး၌ တစ်ကြိမ် တစ်ရက်အတွင်း နှစ်ဖက်ပစ်ခတ်မှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း လက်ရှိစစ်ရေးအခြေအနေကြောင့် ကျေးရွာများရှိ အရပ်သားပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနိုင်သည့် နေရာများနှင့် စစ်ကြောင်းများ၏ သွားလာမှုကို သတိပြုကာ လုံခြုံရေးအတွက် ကြိုတင်ရှောင်တိမ်းနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts