Home သတင်း ကျိုက်မရောတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရ

ကျိုက်မရောတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းပေါင်း ၂၀ ကျော် ယာယီပိတ်ထားရသည်ဟု ဒေသခံနှင့် ရေဘေးအကူအညီပေးနေသူတို့ထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့ပေါ်ရပ်ကွက် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ရှိ ကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော် ယာယီပိတ်ထားရသည်ဟု ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

“ကျောင်းထားလိုက်ပြီ၊ ၂၄ ရက်နေ့ကတည်းက ပိတ်ထားတယ်။ ခုံတွေ အရေးကြီးစာရွက်စာတမ်းကိုလည်း ရေလွတ်ရာကို ရွှေ့ပြောင်းထားတယ်” ဟု ဦးလေးကျေးရွာခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင်နှင့် ဦးလေး၊ ဘိန်းဗျော၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း၊ ပန်းကုန်း၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကတုံစိ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ကော့ဝမ်း၊ ကြခတ်ကုန်းအစရှိသည့် ရပ်ကွက်၊ ကျေးရွာ ၂၀ ရွာထက်မနည်းတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

အတ္ထရံမြစ်ရေ ဆက်လက်မြင့်တက်နေသည့်အတွက် မြစ်ကမ်းအနီး နေထိုင်သူများ ယာယီရေဘေးကယ်ဆယ်ရေးသို့ ပြောင်းရွှေ့နေကြသည်ဟု ဒေသခံတို့က ပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်များ လာရောက်လှူဒါန်းပေးနေပြီး အချို့ အလှူရှင်မရောက်သည့် ကျေးရွာများလည်းရှိနေသည်ဟု သိရသည်။

“ရေက တော်တော်တက်လာတယ်။ နှစ်ထပ်အိမ်ဆိုရင် အောက်ထပ် လုံးဝမြုပ်သွားတယ်။ အကူအညီတော့ တချို့နေရာ ရောက်တယ်။ တချို့ အကူအညီမရောက်သေးတဲ့ ရွာတွေလည်း ရှိတယ်။ ရေက ကျသွားတာမရှိဘူး။ ရက်ကြာလာရင် အခက်အခဲဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ အတ္ထရံမြစ်ရေလျှံတက်မှုကြောင့် ကျိုက်မရောမြို့ အနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပြီး အချိန်ကြာမြင့်တက်သည့်အတွက် ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး ကိစ္စများ အခက်အခဲများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

photo credit – CJ

Enable Notifications OK No thanks