Homeသတင်းPDF ဂိတ်စခန်းတွင် Tik Tok ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် ကျောင်းသား ၄ ဦးကို စစ်တပ် ဖမ်းဆီး

PDF ဂိတ်စခန်းတွင် Tik Tok ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် ကျောင်းသား ၄ ဦးကို စစ်တပ် ဖမ်းဆီး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ကျောင်းသားလူငယ် ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဂိတ်စခန်းတွင် Tik Tok ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သည်ဆိုပြီး စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသားလူငယ် ၄ ဦးသည် သိမ်ဇရပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း Grade – 7 မှ Grade – 11 အထိ ပညာသင်ကြားနေကြသည့် ကျောင်းသားဖြစ်ကြသည်ဟု ဆိုသည်။

သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့တွင် နေထိုင်ကြသည့် ထိုကျောင်းသား ၄ ဦးကို ဩဂုတ်လ ၂၃၊ ၂၄ ရက်နေ့တို့တွင် စစ်ကော်မရှင်က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကလေးတွေက ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်တွေက ဝင်းကံကျေးရွာဘက်ကို သွားလည်ကြရင်းနဲ့ ဝင်းကံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဂိတ်စခန်းမှာ Tik Tok ရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့လို့ အဖမ်းခံကြရတာလို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ် ၄ ဦးထဲတွင် သိမ်ဇရပ်မြို့အခြေစိုက် အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှ အရာခံဗိုလ်တစ်ဦး၏ သားဖြစ်သူလည်း ပါဝင်သည်ဟု ကြားသိရကြောင်းလည်း ၎င်းကဆိုသည်။

ဖမ်းဆီးခြင်းခံထားရသည့် ကျောင်းသားလူငယ်များ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များမှ ညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများအပေါ် Comment ရေးသူများ၊ Like နှင့် Heart React ပေးသူများကို စစ်ကော်မရှင်တပ်က စောင့်ကြည့်ပြီး ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

ဩဂုတ်လအတွင်း ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့၏ Facebook လူမှုကွန်ယက်စာမျက်နှာပေါ် မှတ်ချက်ဝင်ရေးသည့်စွပ်စွဲချက်ဖြင့် ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်အတွင်းက အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts