Homeသတင်းချောင်းဆုံတွင် သက်ကြီးလင်မယားနှစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သူဟု ယူဆရသည့် သမက်ဟောင်းဖြစ်သူကို ဖမ်းဆီးရမိ

ချောင်းဆုံတွင် သက်ကြီးလင်မယားနှစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သူဟု ယူဆရသည့် သမက်ဟောင်းဖြစ်သူကို ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် သက်ကြီးလင်မယားနှစ်ဦး နေအိမ်အတွင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသည့် သမက်ဟောင်းဖြစ်သူကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့က ညောင်လမ်းကျေးရွာ ရပ်ကွက် (၇) တွင် နေထိုင်သည့် အသက် ၇၆ နှစ်အရွယ် သက်ကြီးလင်မယားနှစ်ဦးသည် နေအိမ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ယခင်က သမက်တော်စပ်ခဲ့ဖူးသူ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် – ရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် အောင်အောင် ဆိုသူအား မသင်္ကာသဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

အောင်အောင် ဆိုသူကို သက်ဆိုင်ရာက မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် – ရပ်၊ မော်လမြိုင် – ကျိုက္ခမီကားလမ်းဘေးရှိ နီလာရွှေစင် စက်သုံးဆီဆိုင်အနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ရှိခဲ့ပြီး ခေါ်ယူ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အောင်အောင် ဆီကနေ သေဆုံးသူကနေ ယူဆောင်သွားတဲ့ အလေးချိန် (၂) ရွေး (၃) စိပ်ရှိတဲ့ နားကပ် (၁) ရံကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သလို၊ ပြစ်မှုကျူးလွန်ကြောင်းကိုလည်း ဝန်ခံထွက်ဆိုထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုနောက် အောင်အောင်ဆိုသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး စစ်ဆေးမှု ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

သက်ကြီးလင်မယားနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းဆုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နှစ်ဦးတည်း နေထိုင်သည့် သက်ကြီးလင်မယားကို သမီးဖြစ်သူက သွားရောက် ကြည့်ရှုခဲ့ရာမှ အသတ်ခံထားရသည်ကိုတွေ့ရှိခဲ့ကြရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts