Homeသတင်းကော့ကရိတ်တွင် လှေမှောက်၍ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံး

ကော့ကရိတ်တွင် လှေမှောက်၍ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံး

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေလွှမ်းမိုးမှုဖြစ်နေသည့် ကော့ခိုက်နှင့် နွားခြံကုန်းရွာကြား စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။

သြဂုတ် ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် လူ ၈ ယောက်၊ ဆိုင်ကယ် ၂ စီးနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် စက်လှေသည် စက်ချို့ယွင်းမှုဖြစ်ပြီး အလေးချိန်လွန် တင်ဆောင်ထားသဖြင့်  တိမ်းမှောက်မှု ဖြစ်ခဲ့သည်။

လှေတိမ်းမှောက်မှုဖြစ်ပြီးနောက် ဒေသခံများ လာရောက်ကယ်ဆယ်သော်လည်း ဆရာမကို မတွေ့ရှိရသဖြင့် အချိန်မီကယ်တင်ခြင်းမရှိဘဲ သေဆုံးခဲ့ရကြောင်း သိရသည်။

“ ရေလည်း ကူးမတတ်ဘူး။ လာကယ်တဲ့ သူတွေကလည်း စိတ်ထင်တာ ၃ ယောက်ပဲ ။ သူမှပေါ်မလာတာ သူ့အင်္ကျီကြောင့်လားမသိဘူး။ ကယ်တဲ့သူတွေ ပြန်ပြီးမှ လူမပြည့်ဘူးဆိုပြီးတော့ ပြန်လာကယ်တော့ တစ်နာရီ နှစ်ရီကျော်ကြာမှ ကယ်ရတယ်ဆိုတော့ အသက်ပျောက်ပြီးပေါ့။” ဟု သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ဆရာမ၏ ရုပ်အလောင်းကို ညနေ ၃ နာရီကျော်တွင် ဒေသခံများ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး စက်လှေပေါ်တင်ဆောင်လာသည့် ဆိုင်ကယ်နှစ်စီးလည်း ရေတွင်နစ်မြုပ်ခဲ့သည်။

သေဆုံးသူ ဆရာမသည် အခြေခံပညာ အလယ်တန်ကျောင်း နွားခြံကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် ၃ ဦးနှင့်အတူ လက်ချီပွဲအတွက် ကျောင်းပစ္စည်းများ ဝယ်ယူပြီးအပြန် ကော့ခိုက်ကျေးရွာမှ စက်လှေ စီးနင်းလာခဲ့ခြင်းဖြစ်သည်။

အဝတ်အစားအလေချိန်ကြောင့်အပြင် ရေမကူးနိုင်သဖြင့် လှေမှောက်စဥ် ရေနစ်ပြီးသေဆုံးခဲ့ရသည်ဟု ဒေသခံများက ယူဆနေကြသည်။

ဩဂုတ်လ တတိယအပတ်မှစ၍ နွားခြံကုန်းကျေးရွာတွင် ရေကြီး၊ ရေလျှံမှုဖြစ်နေပြီး  ကော့ခိုက်ကျေးရွာသို့ စက်လှေဖြင့် သွားလာနေရကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်၊ ဇမိမြစ်၊ လှိုငးဘွဲမြစ် (ချောင်း) များ ရေလျှံမှုကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာအနီး ဇမိမြစ်တွင် ခရီးသည် ၁၁ ဦး စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်အားလုံးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts