Homeဆောင်းပါးဦးမင်းအောင်လှိုင် အာဆီယံဘုံသဘောတူညီချက် လိုက်နာမှာလား

ဦးမင်းအောင်လှိုင် အာဆီယံဘုံသဘောတူညီချက် လိုက်နာမှာလား

-

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ကြိုးပမ်းနေသည့် အာဆီယံတွင် နေရာပြန်ရရေး၊ ၎င်းတို့၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး လမ်းကြောင်းတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ တံတိုင်းသဖွယ် ဖြစ်နေသည်။

အာဆီယံနိုင်ငံအချို့ ဦးမင်းအောင်လှိုင်တို့ စစ်အစိုးရနှင့် တွေ့ဆုံမှုများ၊ ထိတွေ့ဆက်ဆံမှုများရှိနေသော်လည် အာဆီယံ တစ်စုံလုံးအနေဖြင့် လက်ခံဖို့ရာ ဘုံသဘောတူညီချက်မှာ အခရာ ဖြစ်လာသည်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတွင် ဘုံသဘောတူညီချက် ၅ ရပ်အနက် အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် မြန်မာပြည်သူများကို လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွတ်လွတ်လပ်လပ်ပေးနိုင်ရေး လိုက်နာရန် ဆွေးနွေးခဲ့ကြသည်။

လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်အုပ်စုအနေဖြင့် အထက်ပါ အချက်များကို လိုက်နာမှု ရှိ၊ မရှိ အကဲဖြတ်မည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။

သို့သော်လည်း လက်ရှိအချိန်ထိ ဦးမင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်များကို လိုက်နာခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

“အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာတာမရှိဘူး။ ဘုံသဘောတူညီချက် ၅ ရက်ကိုလည်း အကောင်အထည်မဖော်ဘူး။ အကြမ်းဖက်မှုတွေလည်း လုပ်နေတယ်။ ဒီခရီးစဉ်အတွင်းမှာကိုပဲ မတိုင်ခင်မှာရော တောက်လျှောက် အကြမ်းဖက်မှုတွေ ဆောင်ရွက်နေတုန်းပဲ၊ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတုန်းပဲ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ အာဆီယံဘုံသဘောတူညီချက်တွေလည်း မလိုက်နာပဲနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ဆိုတာက တော်တော့်ကိုလွဲမှားတဲ့ ကျင့်ဝတ်အရရော၊ နိုင်ငံရေးအရရော လက်တွေ့ပကတိအခြေအနေတွေအရရော လွဲမှားနေတယ်လို့ ပြောရမှာပါ။” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

နိုင်ငံတကာနှင့် မြန်မာပြည်သူများ၊ အတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုနေသော်လည်း စစ်အုပ်စုက လျစ်လျူရှုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် တွ့ဆုံခွင့်ပေးခဲ့သော်လည်း လွှတ်ပေးခြင်းမရှိပေ။

ထို့ပြင် ပြည်သူများအပေါ် အကြမ်းဖက်မှုများမှာလည်း မရပ်တန့်ပေ။ ဩဂုတ်လ ၇ ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုများ ရှိနေသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် ရခိုင်ပြည်နယ် ငပလီ၊ မြောက်ဦး၊ ကျောက်တော်ဒေသများကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်းပင် သံတွဲမြို့ကို စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရပြီး အခြားမြို့နယ်များတွင်လည်း လူသေဆုံးမှုများရှိနေသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ပြည်သူတွေနေ့စဉ်ဘဝ မတည်ငြိမ်အောင် ULA AA အောက်မှာ ပြည်သူတွေ လုံခြုံမှုမရှိဘူးလို့ ခံစားရပြီး ငြိုငြင်လာအောင် စိတ်ဝမ်းကွဲလာအောင် စစ်ဘေးရှောင်တွေများပြီး ဒုက္ခ ရောက်အောင် ဖိအားပေးနေတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ထင်သလိုဖြစ်လာမဲ့အစား ပိုပိုနာကျည်းမှုတွေနဲ့ တုန့်ပြန်မှုဘဲ ရလာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ သွေးစွန်းတဲ့ သမိုင်းမှတ်တမ်းဆိုးတွေကတော့ သမိုင်းမှာ ကျန်ခဲ့ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

အကြမ်းဖက်မှုများ မရပ်တန့်သလို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ဒေသများဆီ စက်သုံးဆီအပါအဝင် အခြေခံစားနပ်ရိက္ခာများ မရရှိရေး ပိတ်ဆို့ထားသည်။

၎င်းတို့၏ ပိတ်ဆို့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များသာမက ဒေသတွင်း စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူများမှာ စားစရာပင် မရှိသည့် အခြေအနေကို ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ဆိုသည်။

“ကျွန်တော်တို့ဆီမှာ ဘာမှ ဝယ်လို့မရဘူး။ ဆန်ပဲစားနေရတာ၊ ကြက်ဥတောင် စျေးက မစားနိုင်တဲ့အခြေအနေပဲ။ ဒါပဲတော့မဟုတ်ဘူး ဒီဘက်မှာဆို မြွေဆိပ်ဖြေဆေးကစလို့ ပါရာစီတမော့တောင်မရတော့ဘူး၊ အရင်က အွန်လိုင်းကမှာရင် မြို့ပေါ်သွားယူလို့ရသေးတယ်။ အခုစစ်တပ်က တောက်လျောက်စောင့်ကြည့်တာ စစ်တာတွေလုပ်တော့ မပို့ပေးရဲကြတော့ဘူး။ ကျွန်တော်တို့ တခါတလေ အရဲစွန့်ပြီး သွားဝယ်ရတာတွေ ရှိတာပေါ့” ဟု စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင်အရေးကူညီသူ တစ်ဦးက ပြောပြသည်။

ရှမ်းမြောက်ဒေသသို့ စက်သုံးဆီ ဖြန့်ဖြူးပေးရာတွင် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ခက်၍ စက်သုံးဆီခွဲတမ်းပြန်ပေးရန် မရှိဟု ၎င်းတို့၏လွှတ်တော်တွင် ထုတ်ပြောထားသေးသည်။

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး ထိုင်းအနေဖြင့် မြန်မာနိုင်ငံကို အာဆီယံတွင် ပြန်လည်ပါဝင်လာနိုင်ရေး ဆန္ဒရှိနေပြီး ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်မည့်အကြောင်း ထုတ်ပြောထားသည်။

သို့သော်လည်း အာဆီယံဘုံသဘောတူညီချက်များကို လိုက်နာရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားမှာလည်း အရေးကြီးကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

လာမည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမည့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးကမူ အာဆီယံသဘောတူညီချက်များ အကောင်အထည်ဖော်မှုမှာ တိုးတက်မှုနည်းပါးနေပြီး အလွန်မင်းစိတ်ပျက်မိကြောင်း ထုတ်ပြောထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts