ဝယ်လိုအားထက် ရောင်းလိုအားပိုများနေသည့် ရေးဒေသထွက် ကွမ်းသီးနုများ ဈေးနှုန်းသိသိသာသာ ကျဆင်းလာပြီး လက်ရှိတွင် အရည်အသွေးကောင်းအသီးများကိုသာ အဝယ်ဒိုင်များက လက်ခံဝယ်ယူကြောင်း ရေးတောင်သူများက IMNA သို့ပြောသည်။
တရုတ်အပါအဝင် ပြည်ပလက်ဝယ်ကုန်သည်များက ၎င်းတို့ လိုအပ်သည့် အသီးပမာဏကို လုံလုံလောက်လောက်ရရှိထားသည့်အတွက် အဝယ်ဒိုင်များထံ အကန့်အသတ်ဖြင့်သာ ဝယ်ယူနေသည်။
လက်ရှိတွင် ကွမ်းသီးနု တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဝန်းကျင်သာဈေးနှုန်းရှိနေပြီး ဈေးနှုန်းမတည်ငြိမ်မှုနှင့် အသီးအလေအလွင့်ဖြစ်မှုများပါ ရင်ဆိုင်နေရကြောင်း ရေးကွမ်းသီးနုတောင်သူတစ်ဦးက ဆိုသည်။

“ အခုကဈေးက ၄၀၀၀ လောက်ပဲကျန်တယ်။ အသီးတွေလဲ အရွေးလွန်းတယ် ပယ်ရမဲ့အလုံးတွေ များလာတယ် ပယ်ထားတဲ့အလုံးကိုလဲ တစ်ပိဿ ၅၀၀ သူပြန်ဝယ်တယ် ကိုယ်က သူတို့ကို အလကားပေးနေသလိုပဲပေါ့ဟာ” ရေးတောင်သူတစ်ဦးက ပြောသည်။
ကွမ်းသီးနုရာသီအဖွင့်ဈေးတွင် တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိခဲ့ရာမှ ဆက်တိုက်ကျဆင်းလာသည့်အပြင် အသီးအရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အနုအရင့်များ လုံးဝပယ်ချခြင်း၊ ဈေးနှိမ်ခံရခြင်းများ ရှိနေကြောင်း ဆိုသည်။
ထို့ကြောင့် ကွမ်းသီးနုခူးဆွတ်ရောင်းချသည့် တောင်သူအများစုသည် အရှုံးပေါ်နေပြီး တောင်သူအများစု အနုသီးခူးဆွတ်မှုကို ရပ်နားထားသည်။
“ အနုခူးရောင်းဖို့က လုံးဝအဆင်မပြေတာ။ အမှည့်ဆို မနှစ်က တစ်လုံးနှစ်ရာရှိတယ်။ ကျနော်က အခြောက်ပဲ လုပ်တော့မယ် ရှုံးရင်ရှုံးပေါ့ လူတိုင်းဖြစ်နေတာပဲ ဒီကုန်ဈေးနှုန်းနဲ့တော့ ကြပ်တည်နေတာပေါ့” ဟု ရေးမြို့မှ တခြား ကွမ်းသီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။
ရေးကွမ်းသီးဈေးကွက်၏ လက်ရှိပေါက်ဈေးအရ ကွမ်းသီးအမှည့် တစ်လုံး ၈၀ ကျပ်၊ ကွမ်းသီးခြောက် တစ်ပိသာ ၁၀၀၀၀ ကျပ်သာ ပေါက်ဈေးရှိနေသည်။
ရေးမြို့နယ်တွင် ကွမ်းသီးပင်ကို စီးပွားအဖြစ် အများဆုံးစိုက်ပျိုးကြပြီး ကွမ်းသီးအနုကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများက ဝယ်ယူကြသည့်အတွက် ကွမ်းသီးနုဈေးကွက်ပေါပေါက်လာခဲ့ရကြောင်း သိရသည်။
သို့သော် ပြည်ပဝယ်လက်၏ ဈေးကွက်အပြောင်းအလဲ၊ နယ်စပ်ဂိတ်များ၏ အခြေအနေနှင့် ငွေလဲနှုန်း အတက်အကျတို့ အပေါ်လုံးဝမှီခိုနေရသဖြင့် ပြည်တွင်း၌ ကိုယ်ပိုင်ဈေးကွက် ထိန်းချုပ်နိုင်စွမ်း မရှိသည့် အခြေအနေဖြစ်နေသည်။



