Home သတင်း ဘီးလင်းတွင် ရဲတပ်ကြပ်၏ ညီအပါ လူငယ် ၇ ဦး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရ

ဘီးလင်းတွင် ရဲတပ်ကြပ်၏ ညီအပါ လူငယ် ၇ ဦး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊ ပြည်သူ့စစ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့က စစ်မှုထမ်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်တပ်၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က ဘီးလင်းမြို့ပေါ်နှင့် ဘီးလင်း – တောင်စွန်းကားလမ်းတွင် မော်တော်ယာဉ်ဖြင့် လူငယ်များကို လိုက်လံဖမ်းဆီးခဲ့သည်။

ထိုနေ့တွင် စစ်တပ်နှင့်အဖွဲ့တို့က လူငယ် ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထဲတွင် ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူလည်း ပါဝင်ခဲ့သည်။

ဖမ်းဆီးခံရသည့် ရဲတပ်ကြပ်၏ ညီဖြစ်သူ ပြန်လွတ်မြောက်ရေး မိသားစုဝင်များက ကြိုးပမ်းခဲ့သော်လည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရဲတပ်ကြပ်ရဲ့ ညီဖြစ်သူက ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်မှာ အဖမ်းခံလိုက်ရတာပါ။ ကျန်လူငယ်တွေက တောင်စွန်းနဲ့ ပေါက်တောရွာတွေကလို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် လူငယ်များအား ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မော်လမြိုင်မြို့ရှိ စစ်မှုထမ်းစုဆောင်းရေးစခန်းသို့ ပို့ဆောင်ခံလိုက်ရကြောင်းလည်း ဆိုသည်။

စစ်ကော်မရှင်က စစ်မှုထမ်းသင်တန်းအတွက် တပ်သားစုဆောင်းရရှိမှု နည်းလာသည့်အတွက်ကြောင့် ဝန်ထမ်းမိသားစုဝင်များအပြင် ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေလာသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်နှင့်အဖွဲ့တို့က ဒေသန္တရအမိန့် အကြောင်းပြပြီး လူငယ်များကို ပစ်မှတ်ထားကာ နေ့စဉ် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ အချက်အလက်များအရ စစ်မှုထမ်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၇) အထိ မွန်ပြည်နယ်တွင် စစ်မှုထမ်းအကျုံးဝင်သူ ၅,၈၀⁠၀ ထက်မနည်း စစ်မှုထမ်းရန် တပ်သားစုဆောင်းခံထားရသည်ဟု ဆိုသည်။

Enable Notifications OK No thanks