နိုင်ငံရေးအချိုးအကွေ့တစ်ခုသို့ ရောက်ရှိစဉ်တွင် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးနှင့် စစ်ရေးကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်မှာ အဓိကသော့ချက်တစ်ရပ် ဖြစ်လာသည်။
ထိုသို့သော အခြေအနေတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများ အကောင်အထည်ဖော်ရာ၌ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး၊ ကဏ္ဍစုံပါဝင်နိုင်ရေး မွန်နိုင်ငံရေးအစုအဖွဲ့များ အပါအဝင် တော်လှန်ရေးအင်အားစု (၁၁) ဖွဲ့နှင့် ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်မှ (၂၃) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မွန်တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုအရ မွန်ပြည်တော်လှန်ရေးအင်အားစုနှင့် SCEF ကြား မည်သို့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည့်အကြောင်းနှင့် အနာဂတ် မွန်ပြည်အုပ်ချုပ်ရေးစနစ်အတွက် မည်သို့ပြင်ဆင်ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် IMNA မှ မွန်ပြည်အတိုင်ပင်ခံကောင်စီ MSCC ပြောရေးဆိုခွင့်ရှိသူ ဦးတက်တိုးကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ SCEF နဲ့ မွန်နိုင်ငံရေး/တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ (NMSP-AD, MSFC, MSCC, CRMH) တွေ့ဆုံ ဆွေးနွေးပွဲ ပေါ်ပေါက်လာတဲ့ အဓိက ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။ ။ အဓိက SCEF နဲ့ ကျွန်တော်တို့ တွေ့ဖြစ်တဲ့အကြောင်းအရင်းကတော့ NMSP-AD နဲ့ MSFC တို့က SCEF နဲ့ တွေ့ဖို့ကို ဆုံးဖြတ်ထားပြီးသားလို့ သိရတယ်။ အဲဒီအခါကျတော့ တစ်စုတစ်ဖွဲ့တည်းဖြစ်အောင် ကျွန်တော်တို့က SCEF နဲ့ တွေ့ပေးတယ်။ တွေ့ပေးပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။
မေး။ ။ ဆွေးနွေးပွဲကနေ အဓိက ဘယ်လိုရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တာရှိလဲ။ ဘယ်လိုဘုံသဘောတူညီချက် ရရှိခဲ့ကြလဲ။
ဖြေ။ ။ ရှေ့လုပ်ငန်းစဉ်တွေ SCEF နဲ့ ချမှတ်နိုင်ခဲ့တာတော့ မရှိဘူး။ လောလောဆယ်တော့ တွေ့ဆုံ ဆွေးနွေးနေတယ်။ ကျွန်တော်တို့က SCEF ကို အဓိကမေးမြန်းခဲ့တာတွေ ရှိတယ်။ အဲဒီအတွက်ကိုတော့ ဒီမွန် တော်လှန်ရေးအစုအဖွဲ့တွေကြားမှာ ပြန်ပြီးအစည်းအဝေးလုပ်တာ မရှိသေးဘူး။ သဘောတူထားတာတွေလည်း အထူးတလည်ဆွေးနွေးထားတာ မရှိသေးပါဘူး။
မေး။ ။ မွန်နိုင်ငံရေးအင်အားစုတွေကြား ဒီထက်ပိုပြီး ခိုင်မာတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ မွန်နိုင်ငံရေးအဖွဲ့အစည်း ၄ ဖွဲ့ကတော့ ပူးပေါင်းပါဝင်နေတယ်။ ဒီမွန်အင်အားစုတွေကြားထဲမှာ ပိုပြီးခိုင်မာတဲ့ မဟာဗျူဟာမြောက်စစ်ဆင်မှုတွေကို ဖြစ်ချင်တဲ့အတွက် မွန်ဖိုရမ်ကို ကျင်းပခဲ့တာလည်း ရှိတယ်။ အဲ့တုန်းကလည်း MSCC အနေနဲ့ တက်ရောက်ခဲ့တယ်။ ဒီမွန်ဖိုရမ် ကျင်းပတဲ့အနောက်မှာလည်း မွန် Charter၊ မွန်ပြည်နယ်တော်လှန်ရေး ချာတာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တဲ့အခါကျတော့ ခုချိန်မှာ မွန်ပြည်နယ်တော်လှန်ရေးချာတာကို ရေးနေဆဲအခြေအနေပေါ့နော်။ ရေးပြီးသွားရင်တော့ ဒီသဘောတူညီမှုတွေ အပေါ်မှာ ပူးပေါင်းဆောင်ရွက်သွားဖို့တော့ ရှိတာပေါ့။
မေး။ ။ မွန်ပြည်အတိုင်ပင်ခံကောင်စီ MSCC အနေနဲ့ အနာဂတ် မွန်ပြည်နယ် အုပ်ချုပ်ရေးစနစ်နဲ့ လက်ရှိ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေလဲ။ ဒီဆွေးနွေးပွဲက မွန်ပြည်နယ် အုပ်ချုပ်ရေးပိုင်းအတွက် ဘယ်လို အထောက်အကူပြုနိုင်လဲ။
ဖြေ။ ။ ဒီမွန်ပြည်နယ် အုပ်ချုပ်ရေးစနစ်ရယ် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်တော်လှန်ရေးချာတာမှာ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးနေတာရှိပါတယ်။ အဲဒီသဘောတူညီမှုအတိုင်းပဲ ဆက်လုပ်မယ်ပေါ့နော်။ ပြီးတော့ လောလောဆယ်တော့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပြောရခက်သေးပါတယ်။
မေး။ ။ SCEF နဲ့ တော်လှန်ရေးအင်အားစုကြီးတွေ အခုရက်ပိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေ တွေ့ရတယ်။ ဒီတွေ့ဆုံမှုရဲ့နောက်မှာ နိုင်ငံရေး၊ စစ်ရေး ထူးခြားမှုတွေ သေချာပေါက် ပေါ်ထွက်လာမယ်လို့ ပြည်သူအချို့ မျှော်လင့်နေတဲ့ အပေါ် ဆရာတို့အနေနဲ့ ဘာများပြောချင်တာရှိလဲရှင့်။
ဖြေ။ ။ SCEF က တော်လှန်ရေးအင်အားစုအဖွဲ့တွေကို ဆက်တိုက်တွေ့ဆုံနေတာ ရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေထူးခြားမှုတော့ သိပ်ပြီး မမြင်သေးဘူးပေါ့နော်။ ချက်ချင်းဆိုတော့လေ။ ဘာလို့လဲဆိုတော့ သူတို့အချင်းချင်းဆွေးနွေးနေတာ ရှိတယ်။ မဟာမိတ်ပူးပေါင်းမယ့် သူတွေကို စည်းရုံးနေတာရှိတယ်။ စည်းရုံးတယ်ဆိုတာထက် တွေ့ဆုံနေတာပေါ့နော်။ အဲ့လိုဆိုတော့ စုစည်းမှုအတွက်ကတော့ ထူးခြားစရာရှိတယ်။ သို့သော် လက်ရှိ ချက်ချင်းကြီးတော့ ကျွန်တော်တို့ သိပ်ပြီးမထင်ဘူးပေါ့နော်၊ သူတို့အချင်းချင်းကြားထဲမှာပဲ သူတို့ အချင်းချင်းဆိုတာက ၆ ဖွဲ့ ၇ ယောက်ပေါ့လေ။ သူတို့ထဲမှာတော့ ထူးခြားချင်ထူးခြားပါလိမ့်မယ်။ ကျန်တာတွေကတော့ ပူးပေါင်းမှု သိပ်တော့မရှိသေးပါဘူး။




