Homeသတင်းထိုင်းအရပ်ဘက်အဖွဲ့များ မင်းအောင်လှိုင်၏ ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချ

ထိုင်းအရပ်ဘက်အဖွဲ့များ မင်းအောင်လှိုင်၏ ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချ

-

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ခရီးစဉ်ကို ကန့်ကွက်ကြောင်းနှင့် အာဏာရှင်ကို တရားဝင်ဖြစ်စေသည့် ကူညီထောက်ပံ့မှုများကို ရပ်တန့်ရန် ထိုင်းအရပ်ဘက်အဖွဲ့များက ကန့်ကွက်ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် ပြည်သူများအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့်အတွက် ၎င်းအား တရားဝင်မှု သို့မဟုတ် အကျိုးအမြတ်များ ပေးအပ်ခြင်းသည် ဒေသတွင်း အကြမ်းဖက်မှုများကို ပိုမိုရှည်ကြာစေမည်ဟုထောက်ပြထားသည်။

ထို့ကြောင့် Solidarity Collective TH၊ SEM၊ Milk Tea Alliance Thailand၊ Assembly of the Poor အပါအဝင် ထိုင်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၆ ခုက မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ရပ်ကို သြဂုတ် ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုင်းရောက် မြန်မာလုပ်သားများ၏ တောင်းဆိုချက်များကို နားထောင်ပေးရန်၊ စစ်ကောင်စီ၏ ဘဏ္ဍာငွေရှာဖွေသည့် စနစ်ပေါ် မမှီခိုရစေရန်၊ အကူအညီများကို စစ်ကောင်စီမှတစ်ဆင့် မဟုတ်ဘဲ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေမည့် လွတ်လပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် မြန်မာ့အရေးသည် အိမ်နီးချင်းနိုင်ငံများ သာမကဘဲ ဒေသတစ်ခုလုံး၏ ပြဿနာဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် အပြည်ပြည်ဆိုင်ရာ ခုံရုံးများ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခြင်းခံထားရသူဖြစ်ရာ ထိုင်းနိုင်ငံအနေဖြင့် အကြမ်းဖက်သူများဘက်မှ ရပ်တည်သည့် ပေါ်လစီများ မကျင့်သုံးသင့်ကြောင်း အဖွဲ့အစည်းများက ထပ်လောင်းတိုက်တွန်းထားသည်။

နှစ်နိုင်ငံကြား ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနုတင် ချန်ဝီရာကွန်တို့ ယနေ့သြဂုတ် ၆ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံလျှက်ရှိသည်။

တွေ့ဆုံမှုမှတစ်ဆင့် အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေအရည်အသွေး စီမံခန့်ခွဲမှုနှင့် အာကာသ နည်းပညာမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်။

တစ်ဖက်တွင်လည်း ထိုင်းရောက်မြန်မာစစ်ခေါင်းဆောင်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုများလည်းရှိနေပြီး ဆန္ဒပြသူနှင့် လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေး လှုပ်ရှားသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

ကိုးကား-The Reporter

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts