မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ မွန်-မြန်မာနှစ်ဘာသာဖြင့် ပူးတွဲထုတ်ဝေလျက်ရှိသည့် လွီဟံသာမဂ္ဂဇင်း အမှတ်စဉ် (၁၆) ကို ယခုနှစ် မကုန်ခင် ထုတ်ဝေနိုင်ရန် စာမူများကို စတင်စုဆောင်းနေကြောင်း တာဝန်ရှိသူထံမှ သိရသည်။
သို့ဖြစ်ပါ၍ မွန်စာပေနှင့် ယဉ်ကျေးမှု၊ မွန်သမိုင်းဆိုင်ရာ၊ သုတ၊ ရသ၊ ဆောင်းပါး၊ ကဗျာ၊ ပုံပြင်၊ ဘာသာပြန်၊ ဝတ္ထုတို၊ ဝတ္ထုရှည် စသဖြင့် မွန်ဘာသာဖြစ်စေ၊ မြန်မာဘာသာဖြစ်စေ စာမူများကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ နောက်ဆုံးထားပေးပို့ကြပါရန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) က ကြေညာထားသည်။
“စာမူတွေကို စုဆောင်းနေတာ ရသလောက်လည်း ရပြီးသွားပြီး။ ထုတ်တာက အခက်အခဲရယ်တော့မရှိဘူး။ ဖြန့်ချိဖို့ပဲ မလွယ်တာ အခုခေတ်က မဂ္ဂဇင်းခေတ်လည်း မဟုတ်ဘူး။ အုပ်ရေဆိုလည်း ၁၀၀၀ လောက်ထုတ်ရင် မနည်းဖြန့်ချိနေရမှာ အဓိကက စာပေ ယဉ်ကျေးမှု မပျောက်ကွယ်သွားအောင် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ဖြစ်ဖြစ်ပေါ့ ဖုန်းနဲ့ဆို ခဏဖတ်ပြီး မေ့သွားရင် ပြန်ရှာဖတ်လို့မလွယ်ဘူး။ စာအုပ်နဲ့ဆိုရင် သတိရတိုင်း ပြန်ဖတ်လို့ ရတယ်ဆိုရင် ဗဟုသုတ နည်းနည်းရလာတာပေါ့” ဟု မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဌ နိုင်တင်ညွန့်က ပြောသည်။

မဂ္ဂဇင်းကို ပုံနှိပ်ပြီးပါက ရန်ကုန်မြို့အပြင် မွန်ဒေသအသီးသီးနှင့် မွန်လူမျိုးများတည်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပေးပို့ဖြန့်ချိသွားမည်ဖြစ်ပြီး စာအုပ်ဝယ်ယူနိုင်မည့် နေရာများကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် ကြေညာသွားမည်ဖြစ်သည်။
အနာဂတ်တွင် ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့် လူငယ်များကို အဓိကထား၍ မွန်နှင့်ပတ်သက်သည့် နယ်ပယ်စုံအကြောင်းအရာများကို မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြသွားမည်ဟု ဆိုသည်။
“အဓိကလူငယ်တွေကို ပိုပြီး မွန်အကြောင်းသိစေချင်တယ်။ ရန်ကုန်မှာရှိတဲ့လူငယ်တွေဆိုလည်း ၉၀ ရာခိုင်နှုန်း လောက်က မွန်လိုမဖတ်တတ်ပေမဲ့ ဒီမဂ္ဂဇင်းက မွန်နဲ့ပတ်သက်တဲ့ အကြောင်းအရာဖြစ်ဖြစ် တစ်ပိုဒ်စ နှစ်ပိုဒ်စ သိလိုက်ပြီး မျိုးချစ်စိတ်ဖြစ်စေတာလည်း အကျိုးပဲနော်” ဟု ဥက္ကဌ နိုင်တင်ညွန့်က ဆက်ပြောသည်။
၁၉၇၂ နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) သည် မွန်စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာ အမွေအနှစ်များ မပျောက်ကွယ်စေရန်အတွက် နှစ်စဉ် လူငယ်ရေးရာ၊ ယဉ်ကျေးမှုနှင့် ပညာပေးဆိုင်ရာ လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိသည့် ကော်မတီတစ်ခုဖြစ်သည်။
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ သက်တမ်းသည် နှစ် ၅၀ ကျော်ပြီးဖြစ်သော်လည်း ဘက်ပေါင်းစုံအခက်အခဲများကြောင့် နှစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ ထုတ်ဝေနိုင်သောကြောင့် ယနေ့အထိ မဂ္ဂဇင်း (၁၅) အုပ်သာ ထုတ်ဝေနိုင်ခဲ့ကြောင်း သိရသည်။



