Homeသတင်းဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို တော်လှန်ရေးအင်အားစု ၇ ဖွဲ့ သဘောတူအတည်ပြု

ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို တော်လှန်ရေးအင်အားစု ၇ ဖွဲ့ သဘောတူအတည်ပြု

-

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို သဘောတူအတည်ပြုကြောင်း ယနေ့ ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်တွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အတူတကွ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး အပြန်အလှန် ပံ့ပိုးကူညီမှုများဖြင့် အောင်ပွဲရသည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြရန် သဘောတူခဲ့ကြသည်။

တော်လှန်ရေးအင်အားစုအသီးသီး၏ ဂုဏ်သိက္ခာ နှင့် တည်ရှိမှုကို အပြန်အလှန် လေးစားအသိအမှတ်ပြု ဖေးမကူညီ၍ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ဖြစ်ပွားသော မည်သည့် အမြင်မတူမှုကိုမဆို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြရန် ဖြစ်သည်။

ယင်းအပြင် တစုတစ်ဖွဲ့ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြရန်၊ စစ်အုပ်စုနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမည့် ကိစ္စရပ်များ ရှိလာပါက အဆိုပါ ဘုံနိုင်ငံရေး သဘောတူညီချက်အပေါ် အခြေခံ၍ တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးတိုင်ပင် သဘောထားရယူပြီး တုံ့ပြန်သွားရန် ပါရှိသည်။

စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများက တော်လှန်ရေးအင်အားစုများအပေါ် ခြိမ်းခြောက်ဖိအားပေးမှုများကို ညီညီညွတ်ညွတ် ပူးပေါင်း တုံ့ပြန်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ၊ တော်လှန်ရေးအောင်မြင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုအတွက် အသိအမှတ်ပြု၍ အပြည့်အဝ စွဲကိုင်အသုံးပြုရန်တို့ သဘောတူညီခဲ့ကြသည်။

နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များအနေဖြင့် စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး အနာဂတ်တွင် နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ ဖျက်သိမ်းကြောင်း ကြေညာပြီးသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်တို့ကိုလည်း သဘောတူခဲ့ကြသည်။

သက်ဆိုင်သူအစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်တို့ ဖြစ်သည်။

အဆိုပါ သဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူအတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts