ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ၊ ချင်းမိုင်ခရိုင်အတွင်း HIV ပိုး ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်သည် ၂၃,၉၀၀ ဦးအထိ ရှိလာကြောင်း ခရိုင်ကျန်းမာရေး အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရသိရှိရကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ကျန်းမာရေးဌာန၏ နောက်ဆုံးအချက်အလက်များအရ ချင်းမိုင်ခရိုင်အတွင်း၌ ရောဂါပိုးရှိသူအသစ် ၇၀၀ ဝန်းကျင်အထိ ရှိနေပြီး ပျမ်းမျှအားဖြင့် နေ့စဉ် ရောဂါပိုးရှိသူအသစ် ၂ ဦးနှုန်း ထပ်မံတွေ့ရှိနေရကာ ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသည်။
ကူးစက်ခံရသူ အများစုသည် အသက် ၂၅ နှစ်မှ ၄၉ နှစ်ကြား အလုပ်လုပ်နိုင်သည့်အရွယ်များတွင် အများဆုံးတွေ့ရှိရပြီး လူငယ်လူရွယ်များကြား ကူးစက်မှုနှုန်း မြင့်တက်လာမည်ကို စိုးရိမ်စရာ အခြေအနေဖြစ်လာနေသည်။
အထူးသဖြင့် ယခုနောက်ပိုင်းတွင် HIV ရောဂါပိုးနှင့် အခြား လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် လူနည်းစု တိုင်းရင်းသားများကြားတွင်လည်း ကူးစက်မှု ပိုမိုများပြားလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ထောက်ပြထားသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများနှင့် လူနည်းစု တိုင်းရင်းသားများသည် ဘာသာစကား အခက်အခဲနှင့် ဆေးကုသခွင့် လက်လှမ်းမမီမှု စသည့် အတားအဆီးများစွာနှင့် ရင်ဆိုင်နေရသည်။
ထို့အပြင်် တရားဝင် အထောက်အထားစာရွက်စာတမ်း မပြည့်စုံခြင်းနှင့် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဆေးစစ်ရန်နှင့် ကုသမှုခံယူရန် နောက်ကျရခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် HIV ရောဂါပိုး ရှိ၊ မရှိ စောစီးစွာ သိရှိနိုင်ရန်အတွက် ကျန်းမာရေးဌာနများတွင် သွားရောက်စစ်ဆေးမှု ပြုလုပ်ကြရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားသည်။



