Homeသတင်းBGF ခေါင်းဆောင်တစ်ဦးဖြစ်သူ စောမုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

BGF ခေါင်းဆောင်တစ်ဦးဖြစ်သူ စောမုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

-

ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှုး စောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု စွပ်စွဲချက်တို့ဖြင့် ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖမ်းဝရမ်းအမှတ် 4257/2569 ဖြင့် ထိုင်းရာဇဝတ်တရားရုံးက အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး စောမုတ်သုန်သည် လူကုန်ကူးမှု ကျူးလွန်ခြင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတကာမှ ကျားဖြန့်အလုပ်သမားများ တရားမဝင် ခေါ်ဆောင်လာခြင်း၊ စေခိုင်းခြင်းနှင့် ရာဇဝတ်မှုကျူးလွန်သူများ ပုန်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးခြင်းစသည့် ပြစ်မှုများကြောင့် ဝရမ်းထုတ်ရခြင်းဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဆိုသည်။

လူကုန်ကူးမှုများတွင် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၊ ယူအေအီးနိုင်ငံ ဒူဘိုင်း၊ ထိုင်းနိုင်ငံရှိ စမုတ်ပရာကန်၊ ဘန်ကောက်နှင့် တာ့ခ်ခရိုင်တို့အပြင် မြန်မာနိုင်ငံ နယ်စပ် မြဝတီမြို့မှ ဖြစ်စဉ်အများအပြား ပါဝင်ပတ်သက်နေသည်ဟု DSI ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုကြောင့် ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၅၂ တို့အပြင် ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၈၃ နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးနှိမ်နင်းရေးဥပဒေပါ ပုဒ်မ ၅၊ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆို အရေးယူမည်ဖြစ်သည်။

ဗိုလ်မှုးစောမုတ်သုန်၏ ဖမ်းဝရမ်းသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ၂၀၄၁ ခုနှစ်အထိ (၁၅) နှစ်တိုင်တိုင် တရားဝင် သက်တမ်းတည်ရှိနေမည်ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိပါက တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts