Homeသတင်းဦးသိန်းစိန်လက်ထက် ဆိုင်းငံ့ထားသည့် မွန်ပြည်နယ်စီမံကိန်းအချို့ အာဏာသိမ်းအစိုးရမှ ဆက်လက်လုပ်ဆောင်

ဦးသိန်းစိန်လက်ထက် ဆိုင်းငံ့ထားသည့် မွန်ပြည်နယ်စီမံကိန်းအချို့ အာဏာသိမ်းအစိုးရမှ ဆက်လက်လုပ်ဆောင်

-

မွန်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားသည့် စီမံကိန်းငယ်အချို့ကို အာဏာသိမ်းစစ်အစိုးရမှ ဆက်လက်စီမံဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်၌ အကောင်အထည်မဖော်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့သည့် အံဒင်ရွာကျောက်မီးသွေးစက်ရုံ စီမံကိန်းအပါအဝင် လျှပ်စစ်ထုတ်လုပ်ရေး၊ လမ်းတံတားနှင့် ကျေးလက်၊မြို့ပြစီမံကိန်းများစွာရှိခဲ့သည်။

အဆိုပါစီမံကိန်းများသည် ဒေသခံပြည်သူလူထု၏ ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုနှင့်အတူ အငြင်းပွားဖွယ်ရာ ကိစ္စများကြောင့် ဖျက်သိမ်းခဲ့ရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မုဒုံမြို့နယ်တွင် ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်လက်ထက်က ရပ်တန့်ခဲ့သည့် မုဒုံ အဝေးပြေးကားဝင်းစီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ရန် မွန်ပြည်နယ်စစ်အစိုးရအဖွဲ့မှ မြေနေရာနှင့် အခြားလိုအပ်ချက်များကို စတင်ဆွေးနွေးခဲ့သည်။

သို့သော် ယခင်လျာထားသည့် ကျုံဖဲကျေးရွာအုပ်စုအတွင်းရှိ မြေနေရာအစား ဘဲရမ်းကျေးရွာ ဆီအုန်းခြံမြေသို့ ပြောင်းရွှေ့ထားကြောင်းလည်း သိရသည်။

မုဒုံ ဒေသခံတစ်ဦးက “အဝေးပြေးကားဝင်း စီမံကိန်းက မွန်ပြည်နယ် ဝန်းကြီးချုပ်ဦးအုန်းမြင့်လက်ထက်ကတည်းက စီစဉ် နေတာ၊ အဲ့တုန်းက ကျုံဖိုက်ဘက်ခြမ်းမှာ လျာထားတာ၊ ပုံစံ ၇ ရှိတဲ့ မြေတွေလည်း ၁၀ ဧကကျော် ဝယ်ထားတယ်။ ခုက ဘယ်လိုဖြစ်ပြီး ဘဲရမ်းဘက်ခြမ်း ရောက်သွားလဲမသိပါဘူး”ဟု ၎င်းက ဆိုသည်။

စီမံကိန်းကို ၂၀၁၁-၂၀၁၆ခုနှစ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် စတင်အဆိုပြုခဲ့ပြီး ဒီဇိုင်းရေးဆွဲခြင်းနှင့် မြေနေရာ လျာထားခြင်းများကို NLD အစိုးရလက်ထက်တွင် ဆက်လက်လုပ်ဆောင်ခဲ့သည်။

အဝေးပြေးကားဝင် စီမံကိန်းကို ယခင်အစိုးရလက်ထက်ကပင် ကန့်ကွက်ဆန့်ကျင်မှုမရှိသော်လည်း မည်သည့်အကြောင်းကြောင့် ရပ်တန့်သွားသည်ကို မသိရကြောင်းလည်း ဒေသခံများက ဆိုသည်။

ယခုစီမံကိန်းအတွက် စုစုပေါင်း မြေအကျယ်အဝန်း ၁၀.၃၅ ဧကကို အသုံးပြုသွားရန်ရှိပြီး ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အဆိုပြုလွှာလျှောက်ထားရန် ပြီးခဲ့သည့် ဖေဖော်ဝါလက ထုတ်ပြန်ကြေညာထားသည်။

“အဲ့ဒီနေရာက အစိုးရမြေပဲလေ၊ အဲ့ဒီခြံက လမ်းမကြီးပေါ်မှာတော့ မဟုတ်ဘူး။ လမ်းမကြီးကနေ အများ ကြီး ဝင်သွားရတယ်။ ဒါမဲ့ အဲ့နေရာက စစ်တပ်နဲ့လည်း နီးတယ်။ ရွာနဲ့လည်း အရမ်းမဝေးဘူးဆိုတော့ တကယ် ဖြစ်သွားရင် ကောင်းတာပေါ့လေ”ဟု အထက်ပါဒေသခံက ဆိုသည်။

မုဒုံမြို့နယ်အတွင်း ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် အဝေးပြေးယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်သွားရန် စီစဉ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ ဖေဖော်ဝါရီလက ထုတ်ပြန်ပြီးနောက် စတင်လှုပ်ရှားလာသည်။

ဒေသခံများ၏ အဆိုအရ စီမံကိန်း အကောင်အထည်ပေါ်လာပါက အဝေးပြေးယာဉ်များ မြို့တွင်း ဝင်ရောက်ရန် မလိုတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းလာနိုင်ပြီး ခရီးသွားလာမှုလည်း ပိုမိုအဆင် ပြေလာနိုင်ကြောင်း မျှော်လင့်ကြောင်းလည်း IMNA သို့ ပြောကြားသည်။

ပုံ-MOI

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts