ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ထိုင်းနိုင်ငံသားများ သီးသန့်လုပ်ကိုင်ခွင့်ရှိသော ဈေးရောင်းချသည့် လုပ်ငန်းအား ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးကို အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်းပေးတိုင်တန်းချက်များအရ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီအချိန်တွင် ပြည်နယ်လုံခြုံရေး၊ သတင်းဌာန၊ ခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ ကန်ချနပူရီခရိုင်၊ သာမခါမြို့နယ် ဆဲန်သိုကျေးရွာအုပ်စုရှိ “Vita Foods Co., Ltd.” စက်ရုံတစ်ဝိုက်သို့ သွားရောက်စစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။
စစ်ဆေးချက်အရ စက်ရုံရှေ့တွင် ကိုယ်တိုင် ဆိုင်ထိုင်၍ ဈေးရောင်းချနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးကို စိစစ်တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းမှုလုပ်ဆောင်ခဲ့သည်။
ဈေးရောင်းချခြင်းလုပ်ငန်းသည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် တားမြစ်လုပ်ငန်းဖြစ်ပြီး ဒေသခံ ထိုင်းဈေးသည်များအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့များက ဆိုသည်။
၎င်းတို့အား ၂၀၁၇ ခုနှစ် ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ညွှန်ကြားချက်နှင့် ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် ပြင်ဆင်ချက် ဥပဒေပုဒ်မ (၈) ပါ “လုပ်ကိုင်ခွင့်ပြုထားသည့် ခွင့်ပြုချက်ပြင်ပ သတ်မှတ်တားမြစ်ထားသော အလုပ်အား ဝင်ရောက်လုပ်ကိုင်မှု” ဖြင့် တရားစွဲဆိုထားပြီး ပုဒ်မ (၁၀၁) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် အာဏာပိုင်များက ဖမ်းဆီးရမိသူ ရွှေ့ပြောင်းလုပ်သား ၆ ဦးစလုံးအား ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် သာမခါရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ကိုးကား-Kanchanbrui News



