တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေဇုန်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဒေသတွင်း ကြားကာလပညာရေး၊ စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသည့် လူငယ် သုံးဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင် စစ်ကြောင်း ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် လူငယ် သုံးဦးသည် The Ants Humanitarian Aids Team မှ အဖွဲ့ခေါင်းဆောင် ကိုအယ်သာ၊ အဖွဲ့ဝင် ကိုမြတ်သူ၊ ဘဏ္ဍာရေးတာဝန်ခံ ကိုလီယွန်တို့ ဖြစ်သည်ဟု တနင်္သာရီဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် MAGGA Initiative(MI) အဖွဲ့က ထုတ်ပြန်ထားသည်။
အင်အား ၁,၀၀၀ နီးပါးရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဇူလိုင်လ ၉ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်းသို့ ဘက်ပေါင်းစုံ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဝင်လာသည့် စစ်ကြောင်းသည် စစ်ဘေးရှောင်များ စီးနင်းလာသည့် ယာဉ်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ် လိုက်ပါသည့် အမျိုးသမီး၊ အမျိုးသားများကို ဖမ်းဆီးစစ်ဆေးကာ အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုအယ်သာ၊ ကိုမြတ်သူနှင့် ကိုလီယွန်တို့ သုံးဦးက ဖမ်းဆီးသွားခဲ့သည်။
“သူတို့ ၃ ယောက်ကို ဘယ်ရက်မှာ သတ်လိုက်တာလဲတော့ မသိဘူး။ အလောင်းတွေ့တာကတော့ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းပေါ့။ အလောင်းတွေ့ချိန်က ပျက်စီးနေပြီ။ လွန်ခဲ့တဲ့ ၄/၅ ရက်လောက်က သတ်လိုက်တာ ဖြစ်နိုင်တယ်။ သူတို့ထဲက မှတ်ပုံတင်နဲ့ အဝတ်အစားတွေကို စစ်ကြည့်တော့မှ သိရတယ်။ အလောင်းကို မနေ့က သက်ဆိုင်ရာရွာတွေမှာ မီးသဂြိုလ်လိုက်ပြီ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
MAGGA Initiative(MI) အဖွဲ့ကလည်း မြေပြင်သတင်းပေးပို့ချက် ဓာတ်ပုံမှတ်တမ်းများအရ ဖမ်းဆီးခံခဲ့ရသည့် အဖွဲ့ဝင် သုံးဦးလုံး သတ်ဖြတ်ခြင်း ခံခဲ့ရသည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်တပ် စစ်ကြောင်း ဖမ်းဆီး သတ်ဖြတ်လိုက်သည့် ကိုအယ်သာ၊ ကိုမြတ်သူနှင့် ကိုလီယွန်တို့သည် ထားဝယ်ဒေသအတွင်း ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးနှင့် ရပ်ရွာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကိစ္စများတွင် တက်ကြွစွာ တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသော အလားအလာရှိသော လူငယ်ခေါင်းဆောင်များ ဖြစ်သည်ဟုလည်း ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဒေသတွင်းက အဖွဲ့အစည်းတို့ထံမှ သိရသည်။



