Homeသတင်းဘားအံတွင် အမျိုးသမီးနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

ဘားအံတွင် အမျိုးသမီးနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာက အမျိုးသမီးနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ညောင်ကုန်းကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဒေါ်နော်လှကူးနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်နော့တဒူးတို့နှစ်ဦး ကျေးရွာအနီး တောထဲတွင် မျှစ်သွားရှာရင်း မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ဦးစလုံး ခြေထောက်၊ လက်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်ပါတယ်။ သူတို့ကို ဘားအံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

ညောင်ကုန်းကျေးရွာသည် ဘားအံမြို့နယ် ဝါးဘိုးတော – ကမမောင်း ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၉၀၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ကုန်းကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်များ သွားလာလှုပ်ရှားနေသလို နယ်ခြားစောင့်တပ် BGF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့လည်း သွားလာလှုပ်ရှားနေသည်ဟု သိရသည်။

အမျိုးသမီးနှစ်ဦး နင်းမိသည့် မြေမြှုပ်မိုင်းသည် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts