Homeသတင်းထိုင်းအစိုးရမှ ဘန်ကောက်မြို့ ဘားမီးလောင်မှုအတွင်း သေဆုံးသူတစ်ဦးလျှင် ဘတ် ၂၉၃၀၀ ထောက်ပံ့

ထိုင်းအစိုးရမှ ဘန်ကောက်မြို့ ဘားမီးလောင်မှုအတွင်း သေဆုံးသူတစ်ဦးလျှင် ဘတ် ၂၉၃၀၀ ထောက်ပံ့

-

ဘန်ကောက်မြို့၊ ဘား မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရမှ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေဥပဒေအရ ထိခိုက်နစ်နာသူများကို ငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းသတင်းဌာနများသို့ ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် သေဆုံးသူတစ်ဦးလျှင် ဘတ် ၂၉,၃၀၀၊ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသူ တစ်ဦးလျှင် ဘတ် ၄,၀၀၀ ထောက်ပံ့ပေးမည်အပြင် ဒဏ်ရာမရဘဲ လွတ်မြောက်လာသူအချို့ကိုလည်း ဘတ် ၂,၀၀၀ အထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် ဆိုင်ပိုင်ရှင်၏ ပေါ့ဆမှုကြောင့် ရာဇဝတ်မှုမြောက်သည်ဟု အတည်ပြုပါက ထိုင်းအစိုးရ၏ ရာဇဝတ်မှုကျူးလွန်ခံရသူများ ကူညီရေးဥပဒေအရ သေဆုံးသူတစ်ဦးလျှင် အမြင့်ဆုံး ဘတ် ၃၀၀,၀၀၀ အထိနှင့် ဒဏ်ရာရရှိသူတစ်ဦးလျှင် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပေါ် မူတည်၍ အမြင့်ဆုံး ဘတ် ၁၀၀,၀၀၀ အထိ အစိုးရက ထောက်ပံ့ပေးလျော်သွားမည် ဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် ဤလျော်ကြေးနှင့် ထောက်ပံ့ကြေးများကို နိုင်ငံသားဖြစ်မှုအပေါ် မူတည်၍ ခွဲခြားမည်မဟုတ်ဘဲ သေဆုံးသူများထဲတွင် ပါဝင်သော လာအိုနိုင်ငံသား ဝန်ထမ်းတစ်ဦး အပါအဝင် ထိခိုက်ခံစားရသည့် နိုင်ငံခြားသားများကိုလည်း ထိုင်းဥပဒေပါ အခွင့်အရေးအတိုင်း တန်းတူညီမျှ ပေးအပ်သွားမည် ဖြစ်သည်။

ဆိုင်မီးလောင်မှုကြောင့် ယနေ့တွင် သေဆုံးသူဦးရေ ၃၄ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၇၇ ဦးရှိသည့်အနက် ၄၇ ဦးသည် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကာ ကျန် ၂၃ ဦးသည် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ပြီး ၎င်းတို့အနက် ၁၃ ဦးမှာ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရှိနေသေးသည်။

လက်ရှိ စစ်ဆေးချက်များအရ ဖျော်ဖြေရေးကလပ်အဖြစ် မှတ်ပုံမတင်ဘဲ၊ ဥပဒေဟာကွက်ကို အသုံးချကာ တိုက်ရိုက်ဂီတဖျော်ဖြေမှုရှိသော စားသောက်ဆိုင် အဖြစ်သာ လိုင်စင်ပြောင်းလဲ လျှောက်ထားခဲ့ခြင်းကြောင့် မီးသတ်စနစ်နှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများကို တိတိကျကျ လိုက်နာခဲ့ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညသန်း‌ခေါင်းယံအချိန်တွင် ဘန်ကောက်မြို့၊ ချက်တုချက် (Chatuchak) ခရိုင်ရှိ ဖျော်ဖြေရေးနှင့် စားသောက်ဆိုင်ဖြစ်သည့် Rong Beer Na Lat Phrao ဘားတွင် ပြင်းထန်သော မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ကိုးကား-The Nation

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts