မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ တစ်ရက်အတွင်း ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသမီးနှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များက ပြောသည်။
တော်လှန်ရေးအဖွဲ့နှင့် ပါဝင်ပတ်သတ်နေသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့တွင် အစင်ရွာခံ အမျိုးသမီးနှစ်ဦးကို ၎င်းတို့ နေအိမ်အသီးသီးတွင် စစ်တပ်နှင့် ပျူစောထီးများက အင်အားအလွန်အကျွံဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထို့နောက် အမျိုးသမီးနှစ်ဦးကို ရေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသာ သိရပြီး မိသားစုဝင်နှင့် ဆက်သွယ်ခွင့်မပေးထားကြောင်း ရေးဒေသခံတစ်ဦးက IMNA သို့ ပြောသည်။
“ဒီနေ့အထိ မလွတ်သေးဘူးပေါ့နော်။ သားက နိုင်ငံရေးနဲ့ ပတ်သက်ထားတာမျိုးဆိုပြီးတော့ အမေကို ဖမ်းသွားတာ။ သားတွေက အိမ်မှာလည်းမရှိပါဘူး။ တော်လှန်ရေးလုပ်နေလားဆိုပြီးပေါ့ နှစ်ယောက်လုံးကို ထောက်ပို့လို ပုံစံနဲ့ဖမ်းသွားတာ။" ဟု ဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ ဖမ်းဆီးခံထားရသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် အထည်ဆိုင်ဖွင့်လှစ်ထားပြီး ကျန်တစ်ဦးမှာ မြန်မာမုန့်များကို ရောင်းချနေသည့် ဈေးသည်များသာ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်ပြီးနောက် မည်ကဲ့သို့ အမှုဖွင့်လုပ်ဆောင်သွားမည်ကို မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေရကြသည်ဟုလည်း ဆိုသည်။
“သူတို့အင်အားက ၁၅ ယောက်လောက်ပါတယ်။ စစ်တပ်က အတိအကျနဲ့လာဖမ်းတယ်။ နေအိမ်အတိအကျ လာပြပေးတဲ့ ပျူစောထီးတွေလည်း ပါတယ်ပေါ့။” ဟု၎င်းကဆက်ပြောသည်။
အစင်ကျေးရွာတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့၊ စစ်တပ်သတင်းပေး များပြားသောကြောင့် ယခုကဲ့သို့တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည့် စွပ်စွဲဖမ်းဆီးခံရမှုမျိုး မကြာခဏ ဖြစ်နေကြောင်းလည်း ဆိုသည်။
ရေးမြို့နယ်တွင် စစ်တပ်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဧည့်စာရင်းဝင်စစ်ခြင်း၊ ပိတ်ဆို့စစ်ဆေးအပြင် ရွှေ့ပြောင်းအလုပ်သမားများကို အကြောင့်မဲ့ဖမ်းဆီးကာ ငွေညစ်ခြင်း စသဖြင့် လုပ်ဆောင်လေ့ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝှမ်း မတရားဖဖ်းဆီးခံထားရသူ ၃၀,၀၀၀ ကျော်ရှိရာမှ ၁၄၀၀၀ ကျော်တို့ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။



