မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသောဒေသများတွင် နေထိုင်သည့် အရပ်သားများသည် လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအန္တရာယ် အမြင့်ဆုံးအခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ MIP ၏ ဧပြီလမှ ဇွန်လအထိ သုံးလပတ်မှတ်တမ်းအရ နိုင်ငံတစ်ဝှမ်း လေကြောင်း တိုက်ခိုက်မှု ၅၂၀ ကြိမ်ဖြစ်ပွားခဲ့ရာ အရပ်သား ၃၁၄ ဦး အနည်းဆုံး သေဆုံးမှုဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
သေဆုံးမှုအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့်သည် အင်တာနက်ဖြတ်တောက်ခံထားရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးအမျိုးသမီး ၅၈ ဦး၊ ကလေး ၄၁ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

နယ်မြေပြန်လည်စိုးမိုးရေး၊ နိုင်ငံရေးအရ တရားဝင်မှုရရှိရေး၊ စစ်ရေးအရအနိုင်လိုမှု စသည့်ဘက်ပေါင်းစုံအတွက် အင်တာနက်ဖြတ်တောက်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးစွဲနေသည်ဟု MIP မှ ပြောရေးဆိုခွင့်ရှိသူ ကိုသစ်ညာဏ်က ဆိုသည်။
"အဲလို ဘက်ပေါင်းစုံအတွက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ဖို့ကို အင်တာနက် Shut Down တွေလုပ်တယ်။ အဲကြောင့် အင်တာနက်ပြတ်တောက်မှုကြောင့် သေဆုံးမှုက ၉၅ ရာခိုင်နှုန်းအထိရှိနေတယ်။ အစီရင်ခံစာမှာလည်း ကျနော်တို့ သိရတာထက်ပိုတဲ့အခြေအနေတွေ ရှိပါတယ်"ဟု သူက ပြောသည်။
ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှုခက်ခဲသည့် မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေအပါအဝင် မွန်ဒေသတွင် ပြီးခဲ့သည့် ၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်အထိဖြစ်ပွားခဲ့သည်။
နေ့ခင်းဘက်တွင် ကင်းထောက်ပျံသန်းပြီး ညသန်းခေါင်း အိမ်မောကျချိန်တွင် ဝင်ရောက်တိုက်ခိုက်သည့် နည်းဗျူဟာကိုလည်း ပိုမိုလုပ်ဆောင်လာပြီး လူမှုရေးဆိုင်ရာ သက်ရောက်မှုများစွာရှိကြောင်းလည်း ကိုသစ်ညဏ်က ဆက်ပြောသည်။
"ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေပိုများလာတယ်။ ခေါင်းပြားအောင်လည်း မအိပ်နိုင်ကြပါဘူး။ လွတ်လပ်လုံခြုံစွာ အလုပ်အကိုင်မလုပ်နိုင်ဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ မပြောနိုင်လို့ပေါ့နော်။"ဟု IMNA သို့ ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့်ဒေသသည် ဆက်သွယ်ရေးပြတ်တောက်သည့် ဒေသဖြစ်သဖြင့် လူသားခြင်းစာနာမှု အကူအညီများရရှိရန် ခက်ခဲကြောင်းဆိုသည်။
၃ လပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အဦး ၂၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ခုနှစ်လုံး၊ စာသင်ကျောင်း ၁၇ ကျောင်း၊ စစ်ဘေးရှောင်စခန်း ၅ ခုနှစ် တံတားတစ်စင်းပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆေးရုံ၊ ဆေးခန်းနှင့်စာသင်ကျောင်းကဲ့သို့ အခြေခံအဆောက်အအုံများ ဖျက်ဆီခံရမှုကြောင့် ကျန်းမာရေးစောက်ရှာက်မှုနှင့်ပညာသင်ကြားခွင့်ကို အဟန့်အတားဖြစ်စေကြောင်း MIP မှ ထောက်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ ၆၂ ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခပြင်းထန်နေသော ချင်း၊ စစ်ကိုင်း နှင့် ရခိုင်ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



