ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရိရာချာမြို့နယ် ဘော်ဝင်းဒေသရှိ အလုပ်သမားအဆောင်တစ်ခုတွင် ဇူလိုင် ၁ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အခြားမြန်မာလုပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဒေသခံရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ အဆောင်အခန်းရှေ့တွင် သေနတ်ကျည်ထိမှန်ကာ လဲကျသေဆုံးနေသည့် အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုအောင်မျိုးမင်း၏ ရုပ်အလောင်းအပြင် ၉ မမ သေနတ်ကျည်ခွံများကိုလည်း တွေ့ရှိခဲ့သည်။

ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးရှိ အသက် ၃၉ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးတစ်ဦး၊ အသက် ၃၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးတို့လည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးသမားအဖွဲ့က လဲမ်ချာဘန်ဆေးရုံသို့ ကုသရန် ပို့ဆောင်ခဲ့သည်။
ပြစ်မှုကျူးလွန်သူမှာ အသက် ၄၁ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ အခင်းဖြစ်ပွားရာနေရာ၌ပင် သေနတ်နှင့်အတူ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို စောင့်ဆိုင်းနေခဲ့ကာ ကျူးလွန်ခဲ့သည့် ပြစ်မှုကို ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့သည်။
ထွက်ဆိုချက်အရ ၎င်းသည် ဇူလိုင် ၁ ရက်နေ့မတိုင်ခင်က မြန်မာလုပ်သားအဖွဲ့နှင့်အတူ ဖဲကစားခဲ့ရာ ငွေကြေးအမြောက်အမြား ရှုံးနိမ့်ခဲ့ပြီး နောက်နေ့တွင် ညပိုင်းအလုပ်ဆင်းပြီးနောက် မြန်မာလုပ်သားများကို ဖဲပြန်ကစားရန် ထပ်မံခေါ်ယူခဲ့သော်လည်း ငြင်းဆန်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထိုသို့ ငြင်းဆန်သည့်အပြင် မြန်မာလုပ်သားများက ၎င်းအား ဝိုင်းဝန်းလှောင်ပြောင်သည့် စကားများ ပြောဆိုခဲ့ကြသဖြင့် အလုပ်မှပင်ပန်းလာပြီး ဒေါသစိတ်ဖြင့် နေအိမ်မှ ယူဆောင်၍ သေနတ်ကို ထုတ်ကာ ထိုနေရာတွင်ရှိသည့် မြန်မာလုပ်သားများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်ခဲ့သည့် ထိုင်းအမျိုးသားကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ လိုင်စင်မဲ့လက်နက် ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး ဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် သက်သေအထောက်အထားများနှင့်အတူ တရားစွဲဆိုရန် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။




