Homeသတင်းဘားအံတွင် မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် လူငယ်တစ်ဦးသေဆုံး

ဘားအံတွင် မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် လူငယ်တစ်ဦးသေဆုံး

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ်အဖွဲ့ မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

လွန်းညရေပြာအိုင်သို့ ဇွန် ၂၉ ရက်နေ့က ဆိုင်ကယ်ဖြင့်ထွက်ခွာလာသည့် လူငယ်အဖွဲ့သည် လွန်းညကျေးရွာအနီး ရောက်ရှိချိန် တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် လူတစ်စုက အနောက်မှ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လိုက်လံတိုက်ခိုက်သူတစ်ဦးမှ ဓားဖြင့်ဝှေ့ယမ်းပစ်ပေါက်သည်ကို တိမ်းရှောင်းရင်း ၁၇ နှစ်အရွယ်လူငယ်တစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်ကာ သေဆုံးခဲ့ရကြောင်း မိသားစုဝင်နှင့်နီးစပ်သည့် ရွာခံတစ်ဦးက IMNA သို့ ပြောသည်။

“သူတို့က ရေပြာအိုင်ကို ရေးသွားကူးကြတာ။ လူပျိုပေါက်စတွေပေါ့။ လူ ၂၀ လောက်က သူတို့နောက်လိုက်လာပြီး တုတ်ဓားတွေနဲ့ လိုက်ခုတ်တာ။ သူတို့ မောင်းပြေးတုန်းက ဒီကောင်လေးက နောက်ဆုံးဖြစ်နေတယ်။ အဲဒီအဖွဲ့ထဲမှာ ပါတဲ့ PC တပ်ဖွဲ့ဝင်က ဓားနဲ့ လှမ်းပစ်ပြီး ရှောင်ရင်းနဲ့ ရှေ့ကကားနဲ့ တိုက်မိသွားတာ” ဟု ဆိုသည်။

မော်တော်ယာဉ်ဖြင့် တိုက်မိမှုကြောင့် ပေါင်ရိုးကျိုး၊ လက်ကျိုးဒဏ်ရာအပြင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ကုသစဉ် ယမန်နေ့ ဇူလိုင် ၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

တုတ်၊ဓားဖြင့် လိုက်လံတိုက်ခိုက်သူများတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA- PC တပ်ဖွဲ့များလည်းပါဝင်နေသည်ဟုဆိုပြီး တပ်ဖွဲ့ဝင်တစ်ဦးကသာ ဓားဖြင့်ပစ်ပေါက်မှုလုပ်ဆောင်ခဲ့သည်ဟု အထက်ပါ ရွာခံက ဆိုသည်။

“အဲဒီလိုက်ခုတ်တဲ့ကောင်က ကရင်လက်နက်ကိုင်အဖွဲ့ကပါ။ ကျန်တဲ့ကောင်တွေလည်း အဲအဖွဲ့ဝင်တွေ ဘယ်နှယောက်ပါတာလဲဆိုတာတော့ မသိဘူး။ ကားနဲ့တိုက်မိတယ်ဆိုပေမဲ့ ဓားနဲ့ လိုက်ခုတ်တဲ့ကောင်ကြောင့် ဆုံးသွားရတယ်လေ။ လိုက်ခုတ်တဲ့ ကောင်ကိုပဲ အရေးယူပေးစေချင်တယ်။ ” ဟု ဆက်ပြောသည်။

အဆိုပါလူငယ်အဖွဲ့သည် လူမှားတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယခင်ကလည်း ဘားအံတစ်ဝိုက်တွင် တုတ်၊ ဓား ကိုင်ဆောင်ထားသည့် လူငယ်အဖွဲ့များ မကြာခဏ ရမ်းကား တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြကြောင်းလည်း ရွာခံများက ပြောသည်။

လက်ရှိတွင် သေဆုံးသူ လူငယ်မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသော်လည်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိနေသည့် KNLA-PC တပ်ဖွဲ့ဝင်ကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်နှင့် ဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts