မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ခြုံအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်း ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွေ တွေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။
ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားသည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဟိန်းဦး ဆိုသူဖြစ်ကြောင်း ဆိုသည်။

ဦးအောင်ဟိန်းသည် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်ရန် နေအိမ်မှ ထွက်သွားရာမှ ည ၁၁ နာရီအချိန်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိသည့်အတွက် မိသားစုဝင်များက ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း မိသားစုဝင်များက ဖုန်းထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းကို တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ကိုင်ခဲ့ရာမှ မိသားစုဝင်များက ထိုဖုန်းတွေ့ရှိသည့်နေရာဘေးခြုံစပ်တဝိုက်ကို လိုက်လံရှာဖွေခဲ့ရာမှာ ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးအောင်ဟိန်း ရုပ်အလောင်းတွင် လည်ပင်း ထိုးသွင်းဒဏ်ရာ ၃ ချက် တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဦးအောင်ဟိန်းဦးရဲ့ ရုပ်အလောင်းမှာ လည်ပင်းညာဘက်မှာ ထိုးသွင်းဒဏ်ရာ (၃) ချက်တွေ့ရပါတယ်။ ဆိုင်ကယ်တော့ မတွေ့ရတော့ဘူး” ဟု ၎င်းက ပြောသည်။
ဦးအောင်ဟိန်းဦး၏ ရု်ပအလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဦးအောင်ဟိန်းဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။



