ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ ခရိုင်ပေါင်း ၄၀ ကျော်တွင် ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (TMD) မှ သတိပေး ထုတ်ပြန်ထားသည်။
ထိုင်းမိုးဇလမှ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရနောင်း၊ ဖန်ငါ၊ ဖူးခက်၊ ကရာဘီ၊ ထရန်း နှင့် စတွန်ခရိုင်တို့တွင် မုတ်သုံလေ အားကောင်းမှုကြောင့် နေရာအနှံ့ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကာ ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၃ မီတာထက်မက ရှိနိုင်ကြောင်း ဆိုသည်။

ထို့အပြင် အရှေ့ပိုင်းရှိ ထရတ်၊ ချန်သဘူရီ၊ ရယောင်း နှင့် ပတ္တရားမြို့အပါအဝင် ချွန်ဘူရီခရိုင်များတွင်လည်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် ရေလမ်းကြောင်းအနီး နေထိုင်သူများ လျှပ်တပြက်ရေကြီးမှု အထူးသတိပြုရန် လိုအပ်သည်။
ထို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ရန်လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန (DDPM) က ယနေ့တွင် သတိပေးနှိုးဆော်ခဲ့သည်။
အထူးသဖြင့် မြောင်း၊ မြစ်ချောင်း၊ မြေနိမ့်ပိုင်းနှင့် တောင်ခြေအနီးတွင် နေထိုင်ကြသူများအနေဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ကြိုတင်ရွှေ့ဆိုင်းပြီး အဖိုးတန်ပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူ သိမ်းဆည်းရန် အကြံပြုထားသည်။
ထို့အပြင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆေးဝါးစောင့်ရှောက်မှု လိုအပ်နေသူများကဲ့သို့သော ထိခိုက်လွယ်သည့် လူအုပ်စုများကိုလည်း အထူးဂရုစိုက် စောင့်ရှောက်ရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ကိုးကား-TMD၊ DDPM၊ The Nation၊ Khaosod



