ကရင်ပြည်နယ်၊ ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးဂိတ်များထံ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်က ခရီးသွားလူငယ်များ ပေါ်တာဆွဲနေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ခရီးသွားမော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေးနေသည့် ဘားအံ-ကော့ကရိတ်လမ်းပိုင်း၊ တံတားဦးကျေးရွာထိပ်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်မှ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ် ၁၃ ဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက IMNA သို့ ပြောသည်။

“ အဲ့နေ့က အနည်းဆုံး ၁၃ ယောက်လောက် ခေါ်သွားတယ်။ အကုန်လုံးက လူငယ်လူရွယ်တွေပဲ။ အဲဒါကိုတော့ သေသေချချာ မြင်ခဲ့တယ်။ ကျန်တဲ့နေရာတွေမှာ ပေါ်တာဆွဲခံရတဲ့သတင်းက ကြားတယ်။ ဒီလိုမျိုးတော့ မျက်မြင်မတွေ့ခဲ့ဘူးပေါ့နော်” ဟု မျက်မြင်တွေ့သူ ဘားအံဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၂၀ ရက်နေ့ကလည်း ကော့ကရိတ်-မြဝတီသို့ တက်လာသည့် ခရီးသည်ယာဉ်ပေါ်ရှိ လူငယ် ၄ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့ကလည်း ဘားအံ-ကော့ကရိတ်လမ်းပိုင်းရှိ ဝဲကရင်ကျေးရွာတွင် လူငယ် ၁၀ ဦးနှင့်အထက် ပေါ်တာဆွဲခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး IMNA မှ အတည်ပြုနေဆဲဖြစ်သည်။
ပေါ်တာဆွဲခံရသူများသည် ဒေသခံများမပါဝင်ဘဲ နယ်ဝေးမှ ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများသာ အဓိက ပစ်မှတ်ထားခံရသဖြင့် လမ်းကြောင်းစိစစစ်ပြီးမှ ခရီးသွားလာရန် ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
“ သူများပြောတာက ပေါ်တာဆွဲနေတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ မသိဘူး။ ဘယ်လိုဖြစ်ဖြစ်၊ ကိုယ်သွားမဲ့လမ်းကြောင်းက အန္တရာယ်ရှိ၊ မရှိတော့၊ မသွားခင် သေချာ စုံစမ်းပါ။ သတိမေ့လျောပြီး သွားလာမိတာနဲ့ အဲလို ကြုံရရင်တော့ ကိုယ်ဖြစ်တာ ကိုယ်ခံရမှာပဲ။ ဘယ်သူမှ ကယ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်စစ်ဆေးဂိတ်မှတစ်ဆင့် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းအသက်အရွယ်အကျုံးဝင် လူငယ်များသည် မိဘအုပ်ထိန်းသူမှတစ်ဆင့် ငွေကြေးပေးပြီး ပြန်လည်လွတ်မြောက်လာသူများ ရှိသလို မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး စစ်မှုထမ်းသင်တန်းသို့ တိတ်တဆိတ် ပို့ဆောင်ခံရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP နေ့စဉ် ထုတ်ပြန်ချက် စာရင်းအရ စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ ၃၀၀၀၀ ကျော်ရှိပြီး ၁၀၀၀၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။



