Homeသတင်းမွန်ရှိ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအကြောင်းပြပြီး ပြည်သူများထံက ငွေကြေးအဆမတန် တောင်းခံနေ

မွန်ရှိ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအကြောင်းပြပြီး ပြည်သူများထံက ငွေကြေးအဆမတန် တောင်းခံနေ

-

မွန်ပြည်နယ်အတွင်းက ဂိတ်များ၊ စစ်ဆေးရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များ လုံခြုံရေးအကြောင်းပြပြီး ပြည်သူများထံက ငွေကြေး အဆမတန် တောင်းခံနေသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ထောက်ပြ ပြောဆိုသည်။

ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က လွှတ်တော်တွင် မေးခွန်း မေးမြန်းရင်း ထိုသို့ ထောက်ပြ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်နယ်အတွင်း လုံခြုံရေးအကြောင်းပြပြီး လုံခြုံရေးအဖွဲ့များ စစ်ဆေးရေးဂိတ်များ လိုသည်ထက် ပိုများနေပြီး မမှန်မကန် ဆောင်ရွက်နေသည်လည်း ရှိနေသည်ဟု ဆိုသည်။

အချို့သော ဂိတ်များသည် မော်တော်ယာဉ်များကို တားဆီး စစ်ဆေးရာတွၚ် လုံခြုံရေးနှင့် မသက်ဆိုင်သည့် အကြောင်းအရာများကို အကြောင်းပြပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည်ဟု ဦးသန့်ဇော်က ထောက်ပြသည်။

စစ်ဆေးရေးဂိတ်များ ငွေကြေးအဆမတန် တောင်းခံနေခြင်းကြောင့် ပြည်သူများ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် စားဝတ်နေရေး အကျပ်းအတည်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

နိုင်ငံရေးမတည်ငြိမ်မှုများ၊ တရားဥပဒေစိုးမိုးမှုအားနည်းမှုကြောင့် ပြည်သူများ စားဝတ်နေရေး ဒုက္ခရောက်နေချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ဂိတ်များ၊ စစ်ဆေးရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များ ငွေကြေးအလွန်အကျွံတောင်းခံမှု မပြုလုပ်သင့်ဘူးလို့လည်း ဆိုသည်။

“ဂိတ်တွေလည်း အရမ်များပါတယ်။ ငွေကြေးပေးရတာလည်း အရမ်းများပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်ခြင်းရဲ့အထက်မှာ လမ်းခရီးကုန်ကျစရိတ် ရောင်းကုန်တွေ ထည့်တွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်စျေးနှုန်းတွေ ကြီးမြင့်တာ ဖြစ်ပါတယ်။” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ဆိုသည်။

ထိုလုပ်ရပ်များသည် နိုင်ငံတော်အတွက် အကောက်အခွန်တပြားတချပ်မှ မရရှိပဲ လမ်းတလျှောက် သောင်းကျန်းစားသောက်နေသူများကသာ ချမ်းသာသုခရရှိနေသည်ဟု ဦးသန့်ဇော်က ထောက်ပြသည်။

ဦးသန့်ဇော်က ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ထိရောက်စွာ အရေးယူပေးရန်လည်း လွှတ်တော်ကတဆင့် တောင်းဆိုးခဲ့သည်။

ဦးသန့်ဇော်၏ မေးခွန်းနှင့် ထောက်ပြမှုအပေါ် ပြည်နယ် စစ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမက ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ တွင် တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်မှုအပေါ် ဌာနစုံပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားထားသည်။

စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များ ငွေကြေးအလွန်အကျွံတောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ထိရောက်စွာ အရေးယူသွားရန်ဖို့ကိစ္စကိုတော့ ပြည်နယ် စစ်အစိုးရအနေဖြင့် တစုံတရာ အဖြေပေးနိုင်ခြင်း မရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts