Homeသတင်းမွန်ပြည်နယ်အတွင်းက နိုင်ငံတကာအဆင့်မီ စီမံကိန်းများ အောင်မြင်နိုင်သလား

မွန်ပြည်နယ်အတွင်းက နိုင်ငံတကာအဆင့်မီ စီမံကိန်းများ အောင်မြင်နိုင်သလား

-

အာဏာသိမ်းစစ်အုပ်စုက ဦးဆောင်ပြုလုပ်နေသည့် မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့အနီးရှိ နိုင်ငံတကာအဆင့်မီ စီမံကိန်းများအား လက်ရှိတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။

မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းအသစ်နှင့် ဘလောက်ညောင်ဝိုင်း – ဝဲကလိကျေးရွာအကြား အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေခြင်း ဖြစ်သည်။

ပြည်တွင်း ရင်းနှီးမြှပ်နှံမှုဖြင့် အဆိုပါ စီမံကိန်းများ လုံလောက်မှာ မဟုတ်ဘဲ ပြည်ပရင်းနှီးမြှပ်နှံမှု မရှိမဖြစ် လိုအပ်ကြောင်း သို့သော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်ပနိုင်ငံများလည်း စောင့်ကြည့်နေဆဲ အခြေအနေဟု မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်တစ်ဦးက ပြောသည်။

“ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေလာဖို့ ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကတော့ ဘယ်လောက်တိုးတက် ပြောင်းလဲနိုင်မလဲ။ သူတို့အတွက်လည်း ဘယ်လောက်ထိ ယုံကြည်စိတ်ချနိုင်မလဲ။ ဒီအပေါ်မှာလည်း အများကြီး မှီခိုမှာပေါ့။ ဒါကြောင့်မို့ လက်ရှိ ပြည်ပရင်းနှီးမြှပ်နှံမှုတွေလည်း ကျနော်ထင်ပါတယ်။ သူတို့လည်း စောင့်ကြည့်ဆဲလို့ပဲ ကျနော်မြင်တာပေါ့ဗျာ၊ စောင့်ကြည့်ဆဲဆိုတာက နိုင်ငံအနေအထားက ဘယ်လောက်တည်ငြိမ်မလဲ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေ ဘယ်လောက်ရှိနိုင်မလဲ၊ တရားဥပဒေစိုးမိုးမှုတွေရောပေါ့နော် ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်မလဲ။ ဒီဟာတွေ တိုးတက်ပြောင်းလဲမှု ရှိရင်တော့ ရင်းနှီးမြှပ်နှံမှုတွေတော့ လာမယ်သေချာတယ်” ဟု ပြောသည်။

အဆိုပါ စီမံကိန်းများသည် ၅ နှစ်ထက်မနည်းကြာမြင့်နိုင်သည့် နှစ်ရှည်စီမံကိန်း ဖြစ်ပြီး စီမံကိန်းပြီးစီးပါက မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့်  မြန်မာနိုင်ငံအောက်ပိုင်းဒေသ၏ စီးပွားရေးအလားအလာမှာ ယခုထက် ပိုမိုကောင်းမွန်လာနိုင်သည်ဟု စစ်အုပ်စုဘက်က ပြောဆိုထားသည်။

ပထဝီဝင်အနေအထားအရ မွန်ပြည်နယ်သည် အရှေ့တောင်အာရှရှိ နိုင်ငံ ၅ နိုင်ငံဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ခဲ့သော စီမံကိန်းတစ်ခုဖြစ်သည့် အရှေ့- အနောက် စီးပွားရေးစင်္ကြံ (East–West Economic Corridor – EWEC) ပေါ်တွင် တည်ရှိသည်။

အဆိုပါ စီမံကိန်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မိမိတို့ မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ၎င်း စီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်ရန် မရှိကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက ပြောသည်။

“အဲဒါကတော့ ကျနော်တို့က MUP အနေနဲ့ အရင်အစိုးရ လက်ထက်တုန်းက သူတို့ လယ်ယာမြေကိစ္စတွေက ထိခိုက်၊ ဖြတ်သန်းသွားတဲ့ လယ်ယာမြေတွေကို သက်ဆိုင်ရာ အစိုးရကတော့ ဖြေရှင်းထားပြီးသားဆိုတော့ ကျနော်တို့ MUP အနေနဲ့က အဲဒါတော့ ထွေထွေထူးထူးတော့ မရှိဘူး။ ကျန်တဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေပဲ ဒါကတော့ အစိုးရအနေနဲ့ အကောင်အထည်ဖော်မှုအပိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာမှ ထွေထွေထူးထူး လုပ်ဆောင်နိုင်ဖို့လည်း အစီအစဉ် မရှိပါဘူးခင်ဗျ” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း၊ ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်စီမံကိန်းများအတွက် စီမံကိန်းမြေစုစုပေါင်းဧရိယာ (၄၆၉၅.၅၈) ဧကကျယ်ဝန်းသည်။

ဒေသခံ တောင်သူများ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာသည့် လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများကို လျော်ကြေးအနည်းငယ်ပေး၍ စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ခဲ့ကြသည်။

“အခု မော်လမြိုင်မြို့ပေါ်မှာလည်း စက်မှုဇုံတွေ ရှိတာပဲလေ၊ နောက်ပြီးတော့ လွန်ခဲ့တဲ့ ဦးသိန်းစိန် လက်ထက်တုန်းကလည်း ကျောက်တန်း စက်ရုံစုပေါ့နော် စက်မှုဇုံလို့လည်း ပြောလို့ရပါတယ်။ ဒါတွေလည်း လုပ်ခဲ့တာပဲ၊ ဒါပေမဲ့ တအားကြီး ထူးထူးခြားခြားကြီး တိုးတက်ပြောင်းလဲလာတာတော့ မရှိသေးဘူး။ ရင်းနှီးမြှပ်နှံနိုင်တဲ့ လုပ်ငန်းရှင်တွေ သိပ်ပြီးတော့ မရှိသေးဘူးဆိုတော့ နောက်ထပ် ထပ်ချဲ့မယ်ဆိုလည်း စောစောက ကျနော်ပြောသလိုပဲ ကိုယ့်ပြည်တွင်းတခုပဲ အားကိုးမယ်ဆိုရင်တော့ ဒီလောက်ပဲ သူရှိမှာပဲလေ။ အဲဒါကြောင့်မို့လို့ ပြည်ပရင်းနှီးမြှပ်နှံမှုကိုပဲ မျှော်ရမှာပဲ” ဟု အထက်ပါ လူမှုအဖွဲ့အစည်းဝင်က ဆက်ပြောသည်။

အဆိုပါ စီမံကိန်းများ အကောင်အထည်ပေါ်လာ၍ ကုန်စည်စီးဆင်းမှု ပိုမြန်ဆန်လာပြီး ခရီးသွားလုပ်ငန်း နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ပါက မြန်မာနိုင်ငံအောက်ပိုင်းတင်မကဘဲ ဒေသတွင်း ကုန်သွယ်မှု ဗဟိုချက်ဖြစ်လာနိုင်သည်။

သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခများ နှင့် လုံခြုံရေး အခြေအနေများကြောင့် စီမံကိန်းနယ်မြေများမှာ တည်ငြိမ်စွာ အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည်ဟုလည်း သုံးသပ်သူများက ဆိုသည်။

ယခုကဲ့သို့ ဘီလီယံချီ ကုန်ကျမည့် စီမံကိန်းကြီးများတွင် ပြည်တွင်းဘတ်ဂျက်တစ်ခုတည်းဖြင့် ဖော်ဆောင်ရန် ခက်ခဲနိုင်ပြီး နိုင်ငံရေးအခြေအနေအရ ပြည်ပမှ လာရောက်ရင်းနှီးမြှပ်နှံရန် တွန့်ဆုတ်နေသည့် အနေအထားတစ်ခုတွင် ရှိနေသည်။

မြန်မာပြည်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ မြစ်ဆုံစီမံကိန်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် စီမံကိန်းအချို့မှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများ၊ ရန်ပုံငွေပြဿနာ၊ မြေယာသိမ်းဆည်းမှုအငြင်းပွားမှုများကြောင့် စီမံကိန်း ရပ်ဆိုင်းခြင်းများ၊ စီမံကိန်း မရပ်ဆိုင်းသော်လည်း တိုးတက်မှု နှောင်းနှေးမှုများဖြင့် ကြုံတွေ့နေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts