မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာများပေးပို့ခြင်းနှင့် စစ်မှုထမ်းလိုသူများ ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ သွားရောက်အကြောင်းကြားရန် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လိုက်လံစည်းရုံးခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။
စစ်မှုထမ်းဆင့်ခေါ်စာများကို ရပ်ကွက်အတွင်းရှိ နေအိမ်တိုင်း မဟုတ်ဘဲ စစ်မှုထမ်းရန် အသက်အရွယ် အကျုံးဝင်သည့် လူငယ်နေအိမ်များကိုသာ သီးသန့်ရွေးချယ်၍ ပေးပို့နေကြောင်းဆိုသည်။

“သူတို့ စစ်မှုထမ်းဆင့်ခေါ်စာတွေ လိုက်ပေးတယ်ဆိုတာ တကယ်ပါ။ ကိုယ်သားသမီးတွေ အိမ်မှာရှိတာလား ပြည်ပမှာရှိတာလားဆိုတာ သူတို့မသိဘူး။ ဒါပေမယ့် အဲ့အိမ်မှာ စစ်မှုထမ်းအသက်အရွယ်ရှိနေရင် အဲ့အိမ်ထိပြီး တစ်ချို့တွေဆို သားသမီးက ပြည်ပမှာရှိနေလဲ အိမ်မှာ စာရောက်နေတာမျိုးပေါ့။” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ရန် ဆင့်ခေါ်သည့်စာမျိုးဖြစ်ပြီး သတင်းပို့ရန် ပျက်ကွက်ပါက ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူခံရမည်ဖြစ်ကြောင်း ဆင့်ခေါ်စာတွင်ရေးသားဖော်ပြထားသည်။
၎င်းအပြင် စစ်မှုထမ်းဆောင်ပါက တစ်လ လစာငွေကျပ် ၃ သိန်းကို အကျိုးခံစားခွင့်ရှိမည်ဖြစ်သဖြင့် ကိုယ်တိုင် စစ်မှုထမ်းလိုသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စာရွက်စာတမ်းများရယူ၍ လျှောက်ထားရန်လည်း ပြောဆိုနေသည်ဟု အခြားမြို့ခံတစ်ဦးက ဆိုသည်။
“ စစ်မှုထမ်းသွားတဲ့သူတွေဆို တစ်လသုံးသိန်းပေးမယ် ဆွဲဆောင်နေတာပေါ့။ သွားချင်ရင် သူတို့ဆီက ကိုယ်တိုင်စာရွက်စာတမ်းသွားယူ ကိုယ့်အချက်အလက်တွေ ဖြည့်ပြီးရင် သူတို့တင်ပေးမယ်ပေါ့။ စားဝတ်နေရေးခက်ခဲ့တဲ့လူတွေဆို တစ်လသုံးသိန်းတောင်ရမယ်ဆိုတော့ မဆိုးဘူးပေါ့ဆိုပြီး အဲ့လိုမျိုးတွေးမိအောင် လူတွေကို စည်းရုံနေတာ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စည်းရုံးမှုမျိုးကို ယခင်က ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇွန်လပိုင်းအတွင်း ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခြင်းဖြစ်ပြီး ခြိမ်းခြောက်ပြောဆိုမှုမျိုး မရှိသေးကြောင်းလည်း သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် စစ်မှုထမ်းကိစ္စကို လူအစားထိုးငှာရမ်းခြင်းနည်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများက အသုံးပြုနေပြီး လူအစားထိုးငှားရမ်းနိုင်ရန် မြို့ပေါ်ရပ်ကွက်နေပြည်သူများက ငွေကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပေးဆောင်နေရသည်ဟုလည်း သိရသည်။
၎င်းအပြင် မဲနှိုက်စနစ်အသုံးပြုခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှုများကို အကြောင်းပြ၍ စစ်မှုထမ်းခိုင်းခြင်းအပြင် လူစားထိုး ငှားရမ်းသည့် နည်းလမ်းများဖြင့်လည်း စစ်တပ်အဖွဲ့မှ လုပ်ဆောင်နေသည်။
မြေပြင်စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အချက်အလက်များအရ မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် (၁) မှ (၂၆) အထိ ကာလအတွင်း စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်အရေအတွက်သည် စုစုပေါင်း ၅,၄၀၀ ကျော် အထိ မြင့်တက်လာနေကြောင်း သိရသည်။



