မွန်ပြည်နယ်၊ ရေးမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အထိ ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်စုကားလမ်းပိုင်းတွင် စစ်ကော်မရှင်မှ စစ်ရေးဖိအားများ လုပ်ဆောင်နိုင်သဖြင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ဒေသတွင်တော်လှန်ရေးတပ်ဖွဲ့များက IMNAမှ တစ်ဆင့် သတိပေးပြောဆိုသည်။
စစ်ကော်မရှင်၏ ဒုချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ မြိတ်တပ်နယ်ရှိ အရာရှိများနှင့် စစ်သည်မိသားစုဝင်များအား တွေ့ဆုံစဉ် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၏ စစ်ရေးလုံခြုံမှု အာမခံချက်အကြောင်း ပြောဆိုခဲ့သည်။
အဆိုပါပြောဆိုချက်သည် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နဘုလယ်ဒေသရှိ ရုရှားနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတို့၏ လုံခြုံရေးကို အာမခံနိုင်ရေးဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ စောဒါးကိုက သုံးသပ်ပြောဆိုသည်။

“ အဓိကကတော့ သူတို့အကျိုးစီးပွားပေါ့။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဓာတ်ငွေ့ပိုက်လိုင်းလို အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးတပ်တွေကတော့ သူတို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ အဲဒီလမ်းပိုင်းမှာ မကြာခင် တိုက်ပွဲတွေ ပိုများလာနိုင်တယ်” ဟု စောဒါးကိုက ပြောသည်။
ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်အတွင်းရှိ ထားဝယ်ရေးနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာစစ်တပ်နှင့် ဆက်ဆံရေးအားကောင်းသည့် ရုရှားနိုင်ငံက လုပ်ဆောင်ရန် ၂၀၂၆ ခုနှစ် ဇွန်လပထမအပတ်အတွင်းက MOU အဆင့် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ထို့ကြောင့် စစ်ကော်မရှင်အဖွဲ့မှ လမ်းမတစ်လျှောက် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ စတင်ဆောင်ရွက်နေပြီး အမှတ် (၈) လမ်းမကြီးအား အသုံးပြုသွားလာမည့် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို အနီးကပ်စောင့်ကြည့် သွားလာကြရန်လည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (DPLF) မှ တာဝန်ရှိသူတစ်ဦးကလည်း တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ရေးမှ ပုလောမြို့နယ်အထိ လမ်းပိုင်တစ်လျှောက်အား အဓိက စစ်ဆင်ရေးဖော်ဆောင်လာနိုင်ကြောင်း ပြောသည်။
“ရေးကနေ ပုလောအထိ တော်လှန်ရေးထိန်းချုပ်မှု အားကောင်းတယ်။ မြို့ပေါ်တွေကိုပဲ စစ်ကော်မရှင်က ထိန်းထားနိုင်ပြီး မြို့အနီးပတ်ဝန်းကျင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတယ်။ ဒါကြောင့် ရေး-ပုလောလမ်းပိုင်းကို အဓိကထား စစ်ရေးဖော်ဆောင်လာနိုင်တယ်” ဟု (DPLF) တာဝန်ရှိသူက ပြောသည်။
သို့သော် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှု အားကောင်းနေသဖြင့် နယ်မြေရှင်းလင်းရေး လွယ်ကူမည်မဟုတ်ဘဲ ထိုးစစ်ဆင်လာပါက ပြင်းထန်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းလည်း ဆိုသည်။
အမှတ် (၈) ပြည်ထောင်စုကားလမ်းသည် ရေး၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး၊ တနင်္သာရီ၊ ပုလော၊ ကျွန်းစု၊ ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် တောင်ပိုင်းဒေသ၏ အရေးပါသော ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိ စစ်ရေးအခြေအနေများကြောင့် လမ်းပိုင်းတစ်လျှောက် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ဝိုက်တွင် ၂၀၂၆ ဇန်နဝါရီကနေ မတ်လအထိ ၃ လအတွင်း စီမံကိန်းနယ်မြေနှင့် ဆက်စပ်ဒေသတို့တွင် တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ခဲ့ကြောင်းလည်း Investment Monitor နဲ့ Dawie SEZ Watch သုတေသနအဖွဲ့ရဲ့ အချက်အလက်အရ သိရသည်။



