Homeသတင်းစစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် ကလေးသူငယ် သေဆုံးသူ ၁၀၀၀ ကျော် ရှိလာ

စစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် ကလေးသူငယ် သေဆုံးသူ ၁၀၀၀ ကျော် ရှိလာ

-

မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များသည် ပဋိပက္ခ၏ ဘေးထွက်ဆိုးကျိုးများအပြင် တိုက်ခိုက်မှုများ၏ တိုက်ရိုက်ပစ်မှတ်များအဖြစ် ရင်ဆိုင်နေသဖြင့် သေဆုံးသူအရေအတွက် ၁၀၈၃ ဦးအထိရှိလာနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၁ ရက်နေ့ အစီရင်ခံစာတွင် ထုတ်ပြန်သည်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ကျေးရွာများအား စီးနင်းဖျက်ဆီးမှုများနှင့် အရပ်သားနေရာများအပေါ် ခွဲခြားမှုမရှိ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများအဆက်မပြတ်ဖြစ်ပွားနေသည်။

ပုံ-IMNA (သထုံတွင် ၂၀၂၃ ခုနှစ်က စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံးမှုဖြစ်ပွားဖြစ်)

AAPP အချက်အလက်များအရ ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၆ ဇွန်လကုန်အထိ စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးသူငယ် စုစုပေါင်း ၁၀၈၃ ဦး ရှိလာပြီး အသက်အငယ်ဆုံးအနေဖြင့် ၂ လသားအရွယ်ကလေးငယ်များ ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးခဲ့ရသည့် ကလေးသူငယ်များတွင် မွေးကင်းစမှ ၁၃ နှစ်အထိ ၆၃၂ ဦး၊ ၁၃ နှစ်အထက် ၄၅၁ ဦးတို့အပြင် အတည်ပြုရန်ခက်ခဲသည့် သေဆုံးသူစာရင်းများလည်းရှိနေကြာင်းဆိုသည်။

အရပ်သားကလေးသူငယ်များ သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုများသည် ဂျီနီဗာသဘောတူညီချက်များ၏ ဘုံသဘောတူညီချက် အပိုဒ် ၃ နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ (CIHL) တွင် ဖော်ပြထားသော အခြေခံကာကွယ်မှုများကို ချိုးဖောက်ခြင်းဖြစ်သည်။

ထို့အပြင် ဖြစ်စဉ်အချို့တွင် မိဘ(သို့မဟုတ်) မိသားစုဝင်များကို ဖမ်းဆီးရမိရန် ကလေးသူငယ်များကို ဓားစာခံအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးထိန်းသိမ်းရေးစနစ်အတွင်း ရောက်ရှိနေသည့် ကလေးငယ်များနှင့် မိခင်များသည် လုံလောက်သည့် ကျန်မားရေးစောင့်ရှောက်မှုနှင့် အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံနေရကြောင်း AAPP က ဆိုသည်။

မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေး အကြပ်အတည်းသည် လူသားချင်းစာနာထောက်မှု ပြဿနာတင်မကဘဲ တာဝန်ယူတာဝန်ခံမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် လူ့အခွင့်အရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်နေသည်။

မွန်ဒေသရှိ ကလေးသူငယ်များကာကွယ်ရေးအတွက် မွန်ပြည်သစ်ပါတီ (NMSP) မှ အသက်မပြည့်သေးသော ကလေးသူငယ်များအား ကလေးစစ်သားအသုံးမပြုခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှုများ ခံစားနေရသော ကလေးများကာကွယ်ရေးအတွက် Geneva Call နှင့် ၂၀၁၂ ခုနှစ်က စာချုပ်ချုပ်ဆိုထားသည်။

သို့သော် စစ်အာဏာသိမ်းကာလနောက်ပိုင်းတွင် မွန်ဒေသအတွင်း၌လည်း ကလေးသူငယ်သေဆုံးမှု သိသိသာသာ မြင့်တက်လာကြောင်းလည်း အမျိုးသမီးနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူ်များ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts