Homeဆောင်းပါးလောင်းကစားဝိုင်းများကို မွန်ပြည်နယ် စစ်အစိုးရ တကယ်ကိုင်တွယ်နိုင်မှာလား

လောင်းကစားဝိုင်းများကို မွန်ပြည်နယ် စစ်အစိုးရ တကယ်ကိုင်တွယ်နိုင်မှာလား

-

မွန်ပြည်နယ်လွှတ်တော်က ပြည်နယ်အတွင်း လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ရေးအဆိုကို အတည်ပြုလိုက်သော်လည်း မြေပြင်လက်တွေ့တွင် လောင်းကစားဝိုင်းပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်လားဆိုတာ ပြည်သူလူထုအကြား ဝေဖန်ပြောဆိုစရာဖြစ်နေသည်။

မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ မုဒုံ၊ သထုံ၊ ဘီးလူးကျွန်းအပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် လောင်းကစားဝိုင်းများ နှစ်ရှည်လကြာ ဖွင့်လှစ်ထားကြပြီး၊ လောင်းကစား၏ နောက်ဆက်တွဲပြဿနာကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပိုမိုခက်ခဲလာစေသည်။

လောင်းကစားကြောင့် မိသားစုများ အကြွေးနွံနစ်ခြင်း၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ လူငယ်များ လောင်းကစားတွင် နစ်မြုပ်လာခြင်းတို့အပြင် ဒေသတွင်း ခိုးမှု၊ လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာသည်။

ဘီးလူးကျွန်းဒေသခံတစ်ဦးက လောင်းကစားသည် အစပိုင်းတွင် စိတ်လှုပ်ရှားဖွယ်နှင့် ပျော်ရွှင်ဖွယ် ကောင်းသော်လည်း ရေရှည်တွင် လူမှုရေးပြဿနာများစွာ ဖြစ်ပေါ်စေကြောင်း ပြောသည်။

“အစပိုင်းမှာတော့ ပျော်စရာကောင်းတယ်။ ကျွန်တော်တို့တောင် ညတိုင်း သွားဖြစ်တယ်။ ဒါပေမဲ့ ကြာလာတော့ စိတ်ရှုပ်စရာတွေ များလာတယ်။ ငွေကြေးကြောင့် ရန်ဖြစ်တဲ့အမှုတွေ ပိုများလာတယ်။ တချို့က ကောင်းကောင်းမွန်မွန် စီးပွားရှာစားနေရာကနေ လောင်းကစားကို စမ်းကြည့်ရင်း အကုန်ဆုံးရှုံးသွားကြတာတွေ အများကြီး တွေ့ရတယ်” ဟု ဆိုသည်။

ထိုသို့ ပြည်နယ်အတွင်းက တရားဝင်လိုင်စင်ရထားသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများကိစ္စကို အဖြေရှာရန်အတွက် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ဇွန်လ ၁၆ ရက်နေ့က ကျင်းပသည့် တတိယအကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးခဲ့သည်။

ဦးသန့်ဇော်က “လောင်းကစားဝိုင်းတွေဟာ လူတစ်စုက အခကြေးငွေ (အကောက်ငွေ) ယူပြီး လုပ်ခွင့်ပေးနေကြတာ ဖြစ်တယ်။ လောင်းကစားဝိုင်းတွေဟာ တရားမဝင်လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဖမ်းဝရမ်းမပါဘဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူနိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။” ဟု ပြောသည်။

ဦးသန့်ဇော် တင်သွင်းသည့် လောင်းကစားဝိုင်း တားဆီးပိတ်ပင်ရေးအဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်အများစုတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုသည်။

အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည့်အတွက် လောင်းကစားဝိုင်း တားဆီးပိတ်ပင်မည့်ကိစ္စကို ပြည်နယ် အစိုးရက အကောင်အထည်ဖော် ကိုင်တွယ်ရတော့မည်ဖြစ်သည်။

တဘက်မှာ ပြည်နယ်အတွင်းက လောင်းကစားဝိုင်းများသည် စစ်ကော်မရှင်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ကနေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အထိ လိုင်းကြေးယူထားကြသည်။ တချို့လောင်းကစားဝိုင်းဆိုလျှင် စစ်တပ်က ၎င်းတို့ထံ လက်နက်ချထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတို့ကို ဖွင့်ခွင့်ပြုထားသည်။

ထိုသို့ စစ်တပ်ကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး အကျိုးအမြတ်ရရှိနေသည့် လောင်းကစားကို ပြည်နယ် စစ်အစိုးရက ကိုယ်တွယ်တော့မည်ဆိုသည့်အပေါ် သံသယများစွာဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“လောင်းကစားဝိုင်းတော်တော်များများက စစ်တပ်အထက်ပိုင်း တာဝန်ရှိသူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ စီးပွားရေး အကျိုးစီးပွားတွေနဲ့ ဆက်နွယ်နေတယ်။ သူတို့ရဲ့ စီးပွားရေးကို ထိခိုက်စေမယ့် အဆိုတင်တဲ့အမတ်က ကိုယ်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားမယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်းက လောင်းကစားဝိုင်းများသည် စစ်ကော်မရှင်တပ်က ၎င်းတို့ လက်အောက်ရှိ အဖွဲ့အစည်းများအတွက် ငွေဝင်ပေါက်အဖြစ် ဖန်တီးပေးထားသည်ဆိုပြီး ပြည်သူအကြား ဝေဖန်ပြောဆိုနေကြသည်။

ထိုသို့ ပြည်နယ် စစ်အစိုးရကနေ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်အထိ ပါဝင်ပတ်သက်နေပြီး အကျိုးအမြတ်ရရှိနေသလို တဘက်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့၏ ဝင်ငွေပေါက်ဖြစ်နေသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေး လွှတ်တော်က အတည်ပြုလိုက်သော်လည်း အကောင်အထည်ဖော်ရန် လွယ်ကူသည့်ကိစ္စ မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“အဲဒီလောင်းကစားဝိုင်းတွေကို စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ဖွင့်လှစ်ပေးထားတာ ဖြစ်တယ်။ အဲဒီကိစ္စကလည်း နယ်ထိန်းတွေ၊ ရဲမှူးတွေ၊ ရဲချုပ်တွေနဲ့ ဆိုင်နေတယ်။ အဲဒါကြောင့် လွှတ်တော်က အတည်ပြုလာရင်တောင် တားဆီးဖို့က မလွယ်ဘူး။ လောင်းကစားဝိုင်းတွေက သူတို့အတွက် စီးပွားရေးအရ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေတယ်” ဟု ဆိုသည်။

ဥပဒေအရ မွန်ပြည်နယ် စစ်အစိုးရက ရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်နယ်အတွင်းက လောင်းကစားဝိုင်းများကို ပိတ်ပင်တားဆီးနိုင်သော်လည်း

လောင်းကစားလုပ်ငန်းများ နောက်ကွယ်တွင် သြဇာကြီးသူများ၊ လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်သည်က ပြည်နယ်အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေစေသည်။

နိဂုံးချုပ်ရလျှင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးသည် လွှတ်တော်ခန်းမအတွင်း လက်မှတ်ရေးထိုး အတည်ပြုလိုက်ရုံဖြင့် အလိုအလျောက် ပြီးမြောက်သွားမည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ မြေပြင်အုပ်ချုပ်ရေးယန္တရား၏ အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးမယူနိုင်သရွေ့နှင့် တရားဥပဒေစိုးမိုးရေးကို ဟန်ပြသက်သက်သာ လုပ်ဆောင်နေသရွေ့ လွှတ်တော်၏ အဆိုများသည် စက္ကူပေါ်က စာသားအဆင့်ထက် မကျော်လွန်ဘဲ၊ အမြစ်တွယ်နေသည့် လောင်းကစားဝိုင်းများက ပြည်သူ့ဘဝများကို ဆက်လက်ဝါးမြိုနေဦးမည်သာ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts