Homeသတင်းအသွင်အမျိုးမျိုးဖြင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရမှု သတိရှိရန် နည်းပညာကျွမ်းကျင်သူများ အသိပေး

အသွင်အမျိုးမျိုးဖြင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရမှု သတိရှိရန် နည်းပညာကျွမ်းကျင်သူများ အသိပေး

-

လူမှုကွန်ရက်အသုံးပြုသူများကြား ငွေကြေးအပြင် ပြန်လည်ပြင်ဆင်ရန်ခက်ခဲသည့် ကိုယ်ရေးအချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့်  ရယူရန် ကြိုးပမ်းနေသည့် အသွင်ပြောင်းကျားဖြန့်အဖွဲ့ကို သတိရှိရန် နည်းပညာကျွမ်းကျင်သူများက အသိပေးပြောဆိုသည်။  

ကိုယ်ရေးအချက်အလက်များဖြစ်သည့် မှတ်ပုံတင်နံပါတ်၊ နာမည်အရင်း၊ အသုံးပြုနေသည့် ဖုန်းနံပါတ်နှင့် ဇီဝအချက်အလက် လက်ဗွေ၊ အသံ၊ မျက်စိအချက်အလက်ကဲ့သို့ အရေးကြီးသည့် ကိုယ်ရေးအချက်အလက်များကို ရယူရန်အတွက် အွန်လိုင်းကျားဖြန့်အဖွဲ့များ AI နှင့် IT နည်းပညာများကို အသုံးပြုလာနေသည်။  

ဘဏ်အကောင့်များ၊ Viber နှင့် Telegram ကဲ့သို့သော Application များနှင့် Social Platform များမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခံရခြင်းတို့ ပြီးခဲ့သည့် သြဂုတ်လအတွင်း သိသိသာသာ မြင့်တက်လာနေသည်။  

နည်းပညာကျွမ်းကျင်သူဦးဟန်က “ယုံကြည်မှုတည်ဆောက်ရင်းကနေ ငွေကြေးလိမ်လည်တာရှိမယ်။ နောက် ကိုယ့်ရဲ့ ပြုပြင်လို့မရတော့တဲ့ ကိုယ့်ရဲ့ဒေတာအချက်လက်ကို ခိုးယူတာ၊ အဲဒါ ဘယ်လိုမျိုးလဲဆိုရင် message ကနေ ပေးပို့နေတဲ့ Link ကနေ ကိုယ့်ရဲ့ biometric data တွေ၊ profile data တွေ ခိုးယူသွားတာ။ ဒါကြောင့် ဒေတာရယူတဲ့အပိုင်းကို သူတို့ ပိုပြီးအလေးပေးလိမ်လည်လာနေတာကိုလည်း တွေ့ရတယ်။” ဟုဆိုသည်။  

အလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူလိမ်လည်ပြီး ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ရရှိနိုင်သည့် နေရာများကိုပါ ပစ်မှတ်ထားလေ့ရှိသည်ဟုလည်း ဆိုသည်။  

ကိုယ်ရေးအချက်အလက်များ ရရှိသွားပါက ငွေကြေးလိမ်လည်မှုအပြင် အခြားလိမ်လည်မှုများပါ ထပ်ဆင့် ပြန်လည်အသုံးချနိုင်သည့် အန္တရာယ်ရှိနေသည်။  

အဆိုပါအန္တရာယ်များမှ ကာကွယ်နိုင်ရန် မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် Mobile Banking ဖြင့် ငွေလွှဲထားသည့် ငွေလွှဲပြေစာများကို အွန်လိုင်းပေါ်တွင် မတင်ရန်၊ အရေးကြီးသည့် ကိုယ်ရေးအချက်အလက်များကို အများပြည်သူမြင်တွေ့နိုင်သည့် နေရာများတွင် မဖော်ပြရန် အရေးကြီးကြောင်း Martavan Wisdom talk show မှ နည်းပညာအသိပညာပို့ချသူတစ်ဦးက ဆိုသည်။  

“အဓိကတော့ ကိုယ့်အတွက် အရေးကြီးတယ်လို့ ထင်တဲ့ အချက်လက်မှန်သမျှကို လိုင်းပေါ်မှာမတင်နဲ့၊ တချို့ဆို KBZPay ရဲ့ ငွေလွှဲစလစ်တွေ Facebook တို့မှာ တင်ကြတယ်။ ဒါက ကျားဖြန့်တွေအတွက် အခွင့်ရေးကောင်းပဲ၊ ဘယ် social media platforms မှာမဆို ကိုယ့်ရဲ့ personal data ကို only me လုပ်ထားပါ။ 2 step verification စနစ်တွေကျင့်သုံးပါ။ ကိုယ်မသိတဲ့ Link တွေမဝင်နဲ့၊ အယုံမလွယ်ကြနဲ့ပေါ့။” ဟု ပြောသည်။  

ကျားဖြန့်အရေးနှိမ်နင်းနေသည့် အဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများနှင့်အတူ ပြည်သူများ၏ နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှု (Digital Literacy) မြှင့်တင်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။  

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်အသုံးပြုသူ ၂၁ သန်းရှိပြီး ကိုယ်ရေးအချက်အလက် ခိုးယူခံရသည့် အဓိကနည်းလမ်းမှာ မက်လုံးပေးလိမ်လည်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းလမ်းများ ဖြစ်သည်ဟုလည်း စစ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts