ထိုင်းနိုင်ငံတွင် ပြည်ပရွှေ့ပြောင်းလုပ်သားများ လုံးဝလုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင် ၁၀ မျိုးကို ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ဆေးမှုများကိုလည်း တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။
ကန့်သတ်ထားသည့် အလုပ်အကိုင်များကို နိုင်ငံခြားသားများ လုပ်ကိုင်ကြောင်း သိရှိရပါက ဖမ်းဆီးခံရနိုင်ပြီး၊ ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်မည့်အပြင် ပြည်နှင်ဒဏ် ပေးခံရနိုင်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမားများအတွက် မလိုလားအပ်သည့် ဖမ်းဆီးခံရခြင်းနှင့် အခြားဆိုးကျိုးများ ရှိလာနိုင်သဖြင့် ဥပဒေဘောင်နှင့်အညီ အလုပ်သမားအခွင့်အရေးများကို ကြိုတင်သတိရှိစေရန် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်ကို IMNA မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ထိုင်းအစိုးရကနေ ပြည်ပလုပ်သားတွေ လုပ်ခွင့်မရှိတဲ့ အလုပ် ၁၀ ခု ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့လေ ဒီကနေ့အထိ ဘာတွေလုပ်ဆောင်နေတာ ရှိလဲ။
ဖြေ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေ မလုပ်ရတဲ့ လုပ်ငန်းဆယ်ခုက နဂိုကတည်းက သူတို့မလုပ်ခိုင်းထားတဲ့ အလုပ်တွေထဲမှာ ပါပါတယ်။ အခုက ထပ်တိုးထားတာမျိုး ရှိတယ်။ ဒါက သေချာတယ်၊ အလုပ်သမားတွေက ခါတိုင်းထက် တင်းကြပ်တာတွေ ခံရမယ်။ နောက်တစ်ခုက မလိုလားဘဲနဲ့ ငွေကြေးတွေကို ပိုပြီး သုံးစွဲရမှာတွေ ဖြစ်လာတယ်။ဘာလို့လဲဆိုတော့ ကျနော်တို့ အလုပ်သမားတွေကလေ အခုသူတို့ မလုပ်နဲ့လို့ သတ်မှတ်ထားတဲ့ အလုပ်အချို့တွေမှာ ဝင်လုပ်နေတာမျိုးတွေ ရှိတယ်။ အခုဆိုရင် အလုပ်ပြောင်းရွှေ့ရမယ်ပေါ့။ လုပ်ငန်းရှင်ကိုပါ အပြစ်ပေး အရေးယူတဲ့ ဥပဒေရှိလာတော့ အဲဒါမျိုး မလုပ်ခိုင်းရဲတော့ဘူး။
မေး။ ။ အခုလို ကန့်သတ်ထားတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့် ရှားပါးသွားနိုင်မလား။
ဖြေ။ ။ ထိုင်းနိုင်ငံကတော့ သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြောင့်လို့ အများကြီး ပြောလို့ရပါတယ်။ အဓိက အခုလိုမျိုး ကန့်သတ်တယ် ဆိုလို့ရှိရင် အလုပ်အကိုင်တော့ အလုပ်သမားတွေအနေနဲ့ ရှားပါးမှာ မဟုတ်ပါဘူး။ တင်းကြပ်တဲ့ ပေါ်လစီကြောင့် မလိုလားအပ်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ငွေကြေးသုံးစွဲမှုတွေ အများအပြား ရင်ဆိုင်ရနိုင်ပြီးတော့၊ အချို့ ကျနော်တို့ တရားဥပဒေကို မလေးစားတဲ့ လုပ်ငန်းရှင်တွေရဲ့ ဖိနှိပ်မှုတွေ ပိုခံရနိုင်တယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရပါတယ်။
မေး။ ။ ထိုင်းအာဏာပိုင်ဘက်က ဒီကိစ္စကို ဘာ့ကြောင့် တင်းကြပ်လိုက်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်လိုလဲ။
ဖြေ။ ။ ကျနော်တို့ အတွေ့အကြုံအရ ထိုင်းနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာထက် လစာဝင်ငွေ၊ လုပ်အားခများတဲ့ အခြားနိုင်ငံတွေကိုပေါ့၊ အဓိကအားဖြင့် ကျနော်တို့ သိသာတာက အစ္စရေးလိုမျိုး စစ်ဖြစ်နေတဲ့ နိုင်ငံမှာတောင်မှပဲ သွားရောက်လုပ်ကိုင် စားသောက်နေတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စက သူတို့နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးအတွက် တင်းကျပ်လိုက်တာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
မေး။ ။ ကန့်သတ်ထားတဲ့ အလုပ်မှန်း နားမလည်ဘဲ အလုပ်ရှင်က ခိုင်းလို့ လုပ်မိနေတဲ့ အလုပ်သမားတွေအတွက်ရော ဘယ်လို တုံ့ပြန်သင့်တယ်လို့ ထင်လဲ။
ဖြေ။ ။ အလုပ်ရှင်တွေက သူတို့လုပ်ငန်းတွေက တရားမဝင်အလုပ်တွေ ဖြစ်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း လုပ်လို့မရဘူးဆိုတဲ့ ကိစ္စတွေကို လုပ်ငန်းရှင်တွေက လုပ်ခိုင်းနေတာ ရှိတယ်။ အဲဒီအချိန်မှာ ကိုယ်တိုင်က သိလို့ရှိရင် ဒါက ထိုင်းအစိုးရ မလုပ်ခိုင်းတဲ့ အလုပ်ပဲဆိုတဲ့ ပုံစံမျိုးပေါ့နော်၊ သူတို့မလုပ်ဘဲ ငြင်းဆိုခွင့် ရှိတယ်။ ဒါကြောင့် အလုပ်သမားတွေလည်း သူ့ရဲ့ တစ်စုံတစ်ရာ သိသင့်သိထိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးတွေကို လေ့လာသင့်တယ်။
မေး။ ။ ရွှေ့ပြောင်းအလုပ်သမားတွေ ဥပဒေဘောင်ထဲမှာ ဘေးကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့ နောက်ဆုံးအနေနဲ့ အကြံပြုပေးပါဦးရှင်။
ဖြေ။ ။ အခုက ရွှေ့ပြောင်းအလုပ်သမားတွေ အဓိက အရေးကြီးတာက သူတို့ ထိုင်းနိုင်ငံထဲမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေတစ်ခုခုကို ချိုးဖောက်တယ်ဆိုရင် အနည်းဆုံး မြန်မာပြည်ကနေ နှစ်နှစ်လောက် ပြန်လာလို့မရဘူး။ အခုကလည်း သူတို့မှတ်တမ်းကို စနစ်တကျ လုပ်ထားတယ်ဆိုတော့ တရားမဝင် ဝင်လာတယ်ဆိုရင်လည်း တရားမဝင် အလုပ်သမားဘဝနဲ့ပဲ နေရမယ်။ ပြဿနာတွေက ဆက်တိုက်ဆက်တိုက် ထပ်ဖြစ်နေဦးမယ်။
ဒါကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့သူတွေရော၊ အလုပ်သမားအနေနဲ့ရော ပထမတစ်ချက်က အလုပ်သမားအခွင့်အရေးကို မဖြစ်မနေ သိသင့်သိထိုက်ပါတယ်။ နောက်တစ်ခုက ပြဿနာတစ်ခုခုဖြစ်ရင် ဘယ်လိုလူပုဂ္ဂိုလ်တွေ၊ ဘယ်လိုသတင်းဌာနကို အကူအညီတောင်းရမလဲဆိုတာကို သိဖို့လိုသလိုပဲ၊ ကျနော်တို့ကို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကျနော်တို့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ အဓိက တာဝန်ရှိတာက မြန်မာအစိုးရ ဖြစ်တယ်။ ပြဿနာရှိလို့ရှိရင် မြန်မာအစိုးရက ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေ၊ သံရုံးမှာရှိတဲ့ တာဝန်ရှိသူတွေကို ကြိုးစားပြီး အဆက်အသွယ်ယူကြဖို့ ကျနော်အနေနဲ့ မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။



