မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားသူများအား ငွေဖြင့် ပြန်လည်ရွေးထုတ်ခွင့် မပြုဘဲ ထိရောက်စွာ အရေးယူမှု လုပ်ဆောင်ပေးရန် ရေးဒေသခံများက တောင်းဆိုနေကြသည်။
ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စစ်တပ်အဖွဲ့မှ ဖမ်းဆီးမှု လုပ်ဆောင်နေသော်လည်း ငွေကြေးအမြောက်အမြား ပေးဆောင်ကာ ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးလေ့ရှိသည်။
ငွေဖြင့် ပြန်လည်ရွေးထုတ်နိုင်သဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပိုမိုဆိုးရွားလာပြီး ကွင်းဆက်များကို အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ဘဲ ဖြစ်နေသည်ဟု ရေးဒေသခံများက ဆိုသည်။

ရေးဒေသခံ အမျိုးသားတစ်ဦးက “သောက်တဲ့သူရော ရောင်းတဲ့သူရော ဖမ်းတာတော့ ဖမ်းတာပဲ။ ဒါပေမဲ့ ငွေနဲ့ ပြန်ရွေးလာတော့ ခဏလေးနဲ့ ပြန်လွှတ်လာကြတာ။ အဲလိုမျိုး ဖြစ်နေတော့ ဖမ်းလည်း ခဏပဲ၊ အပြင်ပြန်ရောက်ရင် ပိုပြီးတော့တောင် ရဲရဲတင်းတင်း လုပ်လာကြတယ်။ အဲ့ကြောင့်မို့လို့ အခုလို လွယ်လွယ်လေးနဲ့ ပြန်မလွှတ်စေချင်ဘူး” ဟု ပြောသည်။
ထို့ကြောင့် ငွေကြေးဖြင့် လာဘ်ပေးလာဘ်ယူ ပူးပေါင်းပါဝင်ကာ ပြန်လွှတ်ပေးခြင်း မပြုလုပ်ကြရန်နှင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ပြတ်ပြတ်သားသား အပြစ်ဒဏ် ချမှတ်ပေးရန် တောင်းဆိုကြသည်။
ရေးမြို့ပေါ်အတွင်း မူးယစ်ဆေးဝါးများကို ဗြောင်ကျကျ ရောင်းဝယ်ဖောက်ကားနေကြပြီး သုံးစွဲသူ ပေါများလာသဖြင့် မြို့ပေါ်နေ ဒေသခံများ ခိုးဆိုးလုယက်မှုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။
“အခုဆို နေ့ခင်း အပြင်ထွက်သွားလာတာ ကြောက်နေရတယ်။ ညဘက်ဆိုလည်း အိမ်သုံးပစ္စည်း သေးသေးလေးကအစ အခိုးခံနေရတယ်၊ သူခိုးက ကြမ်းလာမမေးနဲ့၊ စစ်သားတွေလည်း ကြောက်ရ၊ ဆေးသမားတွေကိုလည်း ကြောက်နေရတယ်၊ လုံခြုံမှုလည်း မရှိတော့ဘူး” ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ အပါအဝင် မွန်လူမှုအဖွဲ့အစည်းများမှ ရပ်ရွာအတွင်းရှိ လူငယ်များကို မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးခြင်းကို ဆောင်ရွက်ပေးရန်လည်း လိုလားနေကြသည်။
မူးယစ်ဆေးဝါးများ လွယ်ကူစွာ ရရှိနေသည့်အပြင် ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိနေခြင်းကြောင့် အသက်မပြည့်သည့်အရွယ်နှင့် ကျောင်းသားလူငယ်များကြား ပြန့်ပွားမှု မြန်ဆန်နေပြီး ဒေသတွင်းရှိ အနာဂတ် လူငယ်များ၏ ဘဝပျက်စီးမည့်အရေးကိုလည်း မိဘပြည်သူများက အထူးစိုးရိမ်ပူပန်နေကြသည်။
ထိုသို့ အသက်မပြည့်သေးသည့် ကလေးများပါ ရောင်းဝယ်သုံးစွဲမှု လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးကိစ္စကို သက်ဆိုင်ရာ ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မျက်ကွယ်ပြုထားဆဲဖြစ်သည်။




