ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး အထင်ကရကုန်တိုက်များဖြစ်သော Apple Central World နှင့် Apple Store ICONSIAM တို့တွင် စက်တင်ဘာ ၁၈ နံနက်ပိုင်းမှစ၍ ဖုန်းအသစ် ဝယ်ယူခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ထိုင်းနိုင်ငံသားများ၊ နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံမှ လာရောက်ဝယ်ယူသူ ရာပေါင်းများစွာဖြင့် စည်ကားလျက်ရှိသည်။
Apple ၏ နောက်ဆုံးပေါ် iPhone 18 Series ဖြစ်သော iPhone 18 Pro၊ iPhone 18 Pro Max နှင့် Apple ၏ ပထမဦးဆုံး ခေါက်ဖုန်းမော်ဒယ် ဖြစ်လာသည့် iPhone Duo တို့ကို ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် ထိုင်းနိုင်ငံတစ်ဝန်းတွင် စတင်ရောင်းချပေးနေပြီဖြစ်သည်။

ဆိုင်မဖွင့်မီ ညပိုင်းကတည်းက လာရောက်တန်းစီ စောင့်ဆိုင်းခဲ့ကြသူများ ရှိသကဲ့သို့ Walk-in ဝယ်ယူခွင့်အတွက် လက်ပတ် (Wristband) ရယူရန် စောစောစီးစီး ရောက်ရှိနေသူများကြောင့် Apple Store ဝန်းကျင်တစ်ခုလုံး ပွဲတော်တစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။
ယခုနှစ်တွင် Apple အနေဖြင့် အထူးဆန်းသစ်သည့် ရွေးချယ်စရာတစ်ခုအဖြစ် မျက်နှာပြင်ကျယ် ခေါက်ဖုန်းအမျိုးအစား iPhone Duo ကိုပါ ဈေးကွက်အတွင်း ထည့်သွင်းမိတ်ဆက်လိုက်ခြင်းကြောင့် အသုံးပြုသူများကြား စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာနေသည်။
ဖုန်းများအတွင်း အဆင့်မြင့် Apple Intelligence (AI) နည်းပညာနှင့် အရည်အသွေးမြင့်မားကာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ပိုမိုမြန်ဆန်သော Chipset များ ပါဝင်နေသည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အိမ်နီးချင်း မလေးရှားနိုင်ငံပြီးလျှင် iPhone ဈေးနှုန်း အသက်သာဆုံးနိုင်ငံ ဖြစ်နေခြင်းကြောင့်လည်း ဒေသတွင်းနိုင်ငံများမှ လာရောက်ဝယ်ယူသူ ပိုမိုများပြားနေရခြင်း ဖြစ်သည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် ထိုင်းနိုင်ငံအပြင် အရှေ့တောင်အာရှမှ စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် မြို့ပေါင်း ၆၀ ကျော် တွင် iPhone 18 စီးရီးကို တစ်ပြိုင်တည်း စတင်ရောင်းချလျှက်ရှိသည်။
ကိုးကား-The Nation Thiland




