ထိုင်းအစိုးရမှ ပြည်သူများ၏ လူနေမှုစရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်အတွက် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို လျှော့ချပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Nation Thailand ၏ ဖော်ပြချက်အရ သိရသည်။
ယခုဇွန်လမှစတင်၍ အိမ်သုံးလျှပ်စစ်ဓာတ်အား သုံးစွဲသူ အိမ်ထောင်စုပေါင်း ၂၀ သန်းကျော်အတွက် လျှပ်စစ်ယူနစ် ၂၀၀ အထိ သုံးစွဲသည့်အိမ်ထောင်စုကို တစ်ယူနစ်လျှင် ၃ ဘတ်ထက်မပိုသော အထူးနှုန်းထားဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က လက်ရှိ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul လက်ထက်တွင် ပြည်သူများ၏ လူနေမှုစရိတ်များကို တတ်နိုင်သမျှ လျှော့ချပေးရန် ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။
မီတာခလျှော့ချပေးမှုသည် ပြည်သူများအတွက် သက်ရောက်မှုရှိပြီး နိုင်ငံတစ်ဝှမ်းရှိ အိမ်သုံးလျှပ်စစ်ဓာတ်အား သုံးစွဲသူ စုစုပေါင်း ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံနိုင်မည်ဖြစ်ပြီး အခြေခံလူတန်းစားများနှင့် အိမ်ထောင်စုငယ်များကို အဓိက ပစ်မှတ်ထားခြင်းဖြစ်သည်။
ထို့ပြင် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခကို အိမ်ထောင်စုများ၏ လစဉ်အသုံးစရိတ်အပြင် လမ်းဘေးဈေးသည်များ၊ ဆိုင်ငယ်များနှင့် ရပ်ရွာအဆင့် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်အတွက် အထောက်အကူဖြစ်မည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားခ လျှော့ချခြင်းသည် အိမ်ထောင်စုများအပေါ် ဖိအားများကို လျှော့ချပေးမည်ဖြစ်ပြီး လည်ပတ်စရိတ်မြင့်မားမှုနှင့် ရင်ဆိုင်နေရသော အသေးစားကုန်သည်များ၊ ဝန်ဆောင်မှုပေးသူများနှင့် အောက်ခြေစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ratchadaက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်ငြိမ်မှုများနှင့်အတူ နိုင်ငံတကာဈေးကွက်တွင် စွမ်းအင်နှင့် ကုန်ကျစရိတ်များ မြင့်မားနေဆဲဖြစ်နေသည့်အချိန် အစိုးရ၏ လုပ်ဆောင်ချက်သည် ပြည်သူများအတွက် များစွာအကူအညီဖြစ်ခဲ့သည်။
ကိုးကား-The Nation Thailand



