Homeသတင်းမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် တော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် တော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

-

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ၅ ရက်တာ တရုတ်ခရီးစဉ်အဖြစ် သွားရောက်လျက်ရှိသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ် – မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသော လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးနိုင်ရေးအပါအဝင် တော်လှန်ရေးအင်အားစုများကိုလည်း ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

“တရုတ်နဲ့ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေပေါ့နော်၊ တနည်းအားဖြင့် ပြောရရင် သူတို့ ကိုင်တွယ်လို့ရတဲ့ အုပ်စုကို ဖိအားပေးခိုင်းမယ်၊ ဖိအားပေးခိုင်းမယ်ဆိုတာက ပုံစံအမျိုးမျိုးပေါ့လေ၊ သူတို့ အထောက်အပံ့တွေကို ချခိုင်းတာတို့ လက်နက်ခဲယမ်းမှအစ အဖက်ဖက်က အဲဒီလိုပဲ ဖိအားပေးလာနိုင်ပါတယ်၊ အဲဒီအတွက် မအလ ကလည်း သယံဇာတအပါအဝင် အရင်းအမြစ်တွေကို တရုတ်ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးရလိမ့်မယ်ပေါ့၊ ဒီပုံစံပဲ သွားမှာပါပဲ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

ယခင် မြန်မာအစိုးရအဆက်ဆက်ကလည်း ၎င်းတို့ ရပ်တည်ရေးအတွက် တိုင်းပြည်ရှိ သယံဇာတ အရင်းအမြစ်များကို လျှော့ဈေးဖြင့် ပေး၍ ချည်းကပ်လေ့ရှိကြောင်း ဦးမျိုးကျော်က ဆက်ပြောသည်။

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ (၁၈)ခုကို သက်ဆိုင်ရာကဏ္ဍအလိုက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် မီဒီယာအများစုက ရေးသားဖော်ပြကြသည်။

အဆိုပါ ခရီးစဉ်မတိုင်မီ မေလကုန်ပိုင်းကလည်း ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်ကို သွားရောက်ခဲ့ပြီး အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေး သဘောတူညီခဲ့ကြသည်။

ထို့နောက် အိန္ဒိယ – မြန်မာနယ်စပ် တော်လှန်ရေးအင်အားစုတို့ လှုပ်ရှားနေသော တမူး၊ ကလေးမြို့နယ်အပါအဝင် ချင်းပြည်နယ်တို့ကို စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။

အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ပြည်သူလူထုမှ လက်မခံသော ရွေးကောက်ပွဲကို ကျင်းပကာ သမ္မတ ရာထူးရယူထားသူ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် တရားဝင်ရရှိသည်ဆိုသည့် ဂုဏ်သိက္ခာရရန် အိန္ဒိယ၊ တရုတ်သို့ သွားရောက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“သူ့ရည်ရွက်ချက်က တစ်ခုပဲ သူ သမ္မတအဖြစ် တရားဝင်ရောက်ရှိတယ်ဆိုတဲ့ ဂုဏ်သိက္ခာရဖို့ပဲ၊ သူ့ရဲ့ တရားဝင်မှုကို ထူထောင်တာပေါ့ဗျာ၊ သူဗမာပြည်ရဲ့ သမ္မတကြီးဖြစ်တယ်ဆိုတဲ့ဟာ ဆိုတဲ့ဂုဏ်သိက္ခရဖို့ သူကြိုးစားနေတာပါပဲ။ ဒါဟာ အပေါ်ယံသဏ္ဍာန်အားဖြင့် ရကောင်းရနိုင်တာပေါ့၊ သို့သော်လည်း အနှစ်သာရအားဖြင့် ဘာမှသိပ်ထူးခြားမယ်မထင်ပါဘူး။ ပြည်သူလူထုကလည်း တစက်မှ ကြည်ညိုတာမှ မဟုတ်ဘဲ၊ နောက်တိုင်းပြည်ကြီးကိုလည်း တိုးတက်အောင် ကောင်းမွန်အောင် ဘာမှ လုပ်နိုင်မှာမှ မဟုတ်ဘဲ” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ပြန်စနိုင်ရန်အတွက် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များကို တရုတ်က ခေါ်ယူတွေ့ဆုံမှုရှိခဲ့သလို တော်လှန်ရေးအင်အားစုများထံ ထောက်ပံ့နေသော လက်နက်၊ ခဲယမ်းအကူအညီပေးမှုလည်း ရပ်ဆိုင်းရန် သတိပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်သည် မြန်မာနိုင်ငံအတွင်းက မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် ၎င်း၏ စီမံကိန်းများ လည်ပတ်နိုင်ရေးအတွက် မြန်မာပြည်ငြိမ်းချမ်းရေးရရင် ကြိုးပမ်းနေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

တဖက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များကို ငြိမ်းချမ်းဆွေးနွေးရန် ဖိတ်ခေါ်ထားသည့် လုပ်ရပ်သည် တော်လှန်ရေးကို သပ်လျိုသွေးခွဲခြင်းဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts