မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများကို တားဆီးပိတ်ပင်ပေးရန် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
အဆိုကို ယမန်နေ့ ဇွန် ၁၆ ရက်နေ့က ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုရှင် ကိုယ်စားလှယ် ဦးသန့်ဇော်က မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်လောင်းကစားဝိုင်းများ ခိုးချောင် ခိုးဝှက် လုပ်နေခြင်းမဟုတ်ပဲ တရားဝင်လိုင်စင်ရထားသကဲ့သို့ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ၏ လမ်းများပေါ်တွင် ကျင်းပနေကြသည်ဟု ဆိုသည်။
မွန်ပြည်နယ်အစိုးရ ရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင်ပင် အကြောင်းအမျိုးမျိုးပြ ပွဲလမ်းသဘင်များ ခင်းကျင်းပြီး လောင်းကစားဝိုင်းများကို ထည့်သွင်းကျင်းပ၍ လူတစုတို့က အခကြေးငွေ(အကောက်ငွေ) ယူပြီး လုပ်ဆောင်နေသည်ဟုလည်း ကိုယ်စားလှယ် ဦးသန့်ဇော်က ထောက်ပြသည်။
လောင်းကစားမှု တားမြစ်ရေး ဥပဒေ ပြဌာန်းထားသော်လည်း ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများ၊ လမ်းမပေါ်များတွင် လောင်းကစားဝိုင်းများကို ပွဲတော်သဖွယ် ကျင်းပပြုလုပ်နေခြင်းသည် တရား ဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးကို စိန်ခေါ်နေသကဲ့သို့ ပြည်သူ့ဘဝ လုံခြုံရေးကို များစွာ ခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ်လုပ်ရပ်ဖြစ်သည်ဟု အဆိုတွင် ပါရှိသည်။
၎င်းပြင် မွန်ပြည်နယ်က လောင်းကစားကိစ္စသည် တစ်နိုင်ငံလုံး ကြားသိနေရပြီး၊ လူမှုကွန်ယက်ပေါ်တွင် လောင်းကစားမှုများကို စက်ဆုပ်ရွံရှာပြီး ဝေဖန် ရေးသားနေကြသော်လည်း လောင်းကစားမှုများ လျော့နည်း ပပျောက်ခြင်းမရှိပဲ အစိုးရသစ်လက်ထက်တိုင်အောင် ဆက်လက် လုပ်ဆောင်နေခြင်းသည် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်။
လောင်းကစားဝိုင်းများကို အရေးမယူခြင်းသည် မကောင်းမှု ကျူးလွန်ခြင်းကို အားပေး အားမြှောက်ပြုခြင်းဖြစ်ပြီး ပြည်သူ့ဘဝ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက် စေနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမှ ခွင့်မပြုသင့်ဘူးလို အဆိုရှင် ဦးသန့်ဇော်က ထောက်ပြသည်။
မွန်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လောင်းကစားမှုများသည် လောင်းကစားဂိုဏ်းများသဖွယ် အတင့်ရဲ လုပ်ဆောင်နေပြီး ပြည်သူလူထု၏ ချွေးနည်းစာများကို လောင်းကစားဝိုင်းများတွင် ကုန်ဆုံးစေခြင်းသည် ရိုးသားမှု မရှိဟု ဦးသန့်ဇော်က ဆိုသည်။
၎င်းပြင် လောင်းကစားမှုများကြောင့် ပြည်သူများ၏ ငွေကြေးများဆုံးရှုံးခြင်း၊ စီးပွားရေး လုပ်ငန်းများ ဆုံးရှုံးခြင်း၊ အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်ပေါ်ခြင်း၊ လူမှုရေး ပြဿနာများ ကြုံတွေ့ရခြင်းအပြင် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်စေသည်။
ထိုသို့ ပြည်သူလူထုများ လူမှုဒုက္ခများ ခံစားနေရသော်လည်း လောင်းကစားဒိုင်များ တရားမဝင်အကျိုးအမြတ်ငွေများဖြင့် ဩဇာနယ်ပယ်လွှမ်းမိုးနိုင်သည့် အခြေအနေတခုကို တည်ထောင်လျက်ရှိသည်။
မွန်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လောင်းကစားမှုများသည် သာမန် အခြေအနေမျိုး မဟုတ်ဘဲ အချို့သော နိုင်ငံခြား တိုင်းပြည်များကဲ့သို့ တရားမဝင် လောင်းကစားဂိုဏ်းများအဖြစ် မာဖီးယား ဆန်ဆန် ပြုလုပ်နေပြီး ၎င်းတို့ကို တိုင်ကြားသူ၊ နှောင့်ယှက်သူများကို ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ ရန်ရှာအန္တရာယ်ပေးခြင်းများကို လူမိုက်မွေးပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု အဆိုရှင်က ဆိုသည်။
လောင်းကစားဂိုဏ်းများမှတဆင့် လက်နက်ကိုင်ပြီး မာဖီးရားဆန်သည့် ဂိုဏ်းများမဖြစ်ရန် လွှတ်တော်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့တို့က တားမြစ်ရန် အဓိကတာဝန်ရှိပြီး မည်သည့်အကြောင်းပြချက်နှင့်မျှ လောင်းကစားမှုများကို ဆက်လက်ရပ်တည်ခွင့် မပေးသင့်သည်ဟု ဆိုသည်။
လောင်းကစားမှုနှင့် ပတ်သက်ပြီး ဥပဒေ ပြဌာန်းထားပါလျက် ဥပဒေအရ တားမြစ်ထားပါလျက် တားဆီးခြင်း၊ ဖမ်းဆီးခြင်းများ မဆောင်ရွက်ပါက ဥပဒေကို ချိုးဖောက်ခြင်း မလိုက်နာခြင်းသာဖြစ်သည်ဟု ဦးသန့်ဇော်က ထောက်ပြထားသည်။
မွန်ပြည်နယ်အတွင်းက လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ရေး အဆိုကို ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက ထောက်ခံဆွေးနွေးခဲ့ပြီး လာမည့် လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။



