Homeသတင်းစစ်အုပ်စု၏ Mytel ကို ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် ပေးအပ်မှု ဖီဖာကို JFM ရှုတ်ချ

စစ်အုပ်စု၏ Mytel ကို ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် ပေးအပ်မှု ဖီဖာကို JFM ရှုတ်ချ

-

စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိစေသော ဝင်ငွေရင်းမြစ်တစ်ခုဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော Mytel ကို ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် ပေးအပ်သည့် ဖီဖာ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar က ထုတ်ပြန်ခဲ့သည်။

၎င်းကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားသည်ဟု ဆိုသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ယခုတစ် ကြိမ်တွင်လည်း လူ့အခွင့်အရေးဆိုင်ရာ စိစစ်မှု ကင်းမဲ့ခြင်းနှင့် လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်း တို့ကို ထပ်မံပြသလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြင့် ဖီဖာသည် အကျင့်ပျက်ခြစားမှုများနှင့် သွေးစွန်းညစ်ထေးနေသော စစ်အုပ်စုအား အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။

Mytel App က တဆင့် ကမ္ဘာ့ဖလားပွဲစဉ်များကို ကြည့်ရှုရာတွင် မိမိတို့၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု လူငယ်ဘောလုံးပရိတ်သတ်တစ်ဦးက ပြောသည်။

“Mytel App ဆိုတာလည်း App တစ်ခုက ကျနော်တို့ ဖုန်းထဲကို ထည့်လိုက်ပြီဆိုတာနဲ့ Permission တွေ တောင်းတယ်ဗျာ။ Permission တောင်းပြီဆိုတာနဲ့ အဲဒီ Permission ကနဲ့ ကျနော်တို့ ဖုန်းရဲ့ ဘယ်အတိုင်းအတာအထိကို ဝင်ကြည့်လို့ရလဲဆိုတဲ့ ဟာတွေရှိတယ်၊ Content တွေ ဘာတွေ လိုက်လို့ရလဲဆိုတဲ့ ဟာတွေ၊ အဲဒါတွေလည်း ပါမယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ သူတို့က (စစ်အုပ်စု) ဒီ App ကို သုံးစေချင်တာ၊ အဲဒါ တစ်ခုပေါ့” ဟု ပြောသည်။

ယခုနောက်ပိုင်း နည်းပညာအရ လုံခြုံရေးလည်း မြင့်လာမှုများ ရှိသလို App တစ်ခုမှ မိမိ၏ လုံခြုံမှုကိုလည်း ထိခိုက်စေနိုင်သည်ကိုလည်း သတိပြုသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အုပ်စု၏ ရှယ်ယာပိုင်ဆိုင်မှုများသည် Mytel လုပ်ငန်းစတင်လည်ပတ်သည့် ပဉ္စမနှစ်မှ နဝမနှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်ပြီး၊ ယင်းနောက်ပိုင်း ငါးနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း Justice For Myanmar က ဆိုသည်။

စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်နေခြင်းကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားသလို မိခင်ကုမ္ပဏီဖြစ်သော MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

ဖီဖာအနေဖြင့် စစ်အုပ်စု၊ ၎င်းတို့ခရိုနီများ နှင့် ပူးပေါင်းဆက်ဆံနေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များ၊ နိုင်ငံတကာတာဝန်ဝတ္တရားများကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts