Homeသတင်းကော့ဘိန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားအဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ကော့ဘိန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားအဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ချောင်းဝဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။

ချောင်းဝဘုရားရှိ စစ်ကော်မရှင်တပ်စွဲရာနေရာသို့ အမည်မသိလက်နက်ကိုင်လူ ၄ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုက ၆ မိနစ်လောက် ဖြစ်သွားတယ်။ နှစ်ယောက်သေသွားတဲ့လို့ ပြောကြတယ်။ ဒဏ်ရာရ သူတွေ ရှိလား၊ မရှိလားတော့ မသိဘူး။ ဘယ်သူမှ သွားမကြည့်ရဲဘူးလေ။ ကျောင်းတက်ချိန်ဆိုတော့ ကလေးတွေလည်း ကျောင်းကနေ အပြေးအလွှာပြန်လာကုန်ကြပြီ” ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နောက် လက်နက်ကိုင်အမျိုးသား ၄ ဦး လိုက်ပါစီးနင်းသွားသည့် ဆိုင်ကယ် ၂ စီး ကျေးရွာအပြင်ဘက်သို့ ဆုတ်ခွာမောင်းနှင် ထွက်သွားခဲ့သည်ဟု ဆိုသည်။

ကော့ဘိန်းကျေးရွာတွင် စစ်ကော်မရှင်တပ်သားများ နေရာယူတပ်စွဲထားပြီး အနီးတစ်ဝိုက်နေရာများတွင် မွန်ပြည်သစ်ပါတီ NMSP-AD လက်အောက်ရှိ ရာမညမွန်တပ်တော်တပ်ဖွဲ့ဝင်များ အဓိက သွားလာလှုပ်ရှားနေသည်။

ပစ်ခတ်တိုက်ခိုက်မှု အခြေအနေများကို အသေးစိတ်သိရှိစေရန် မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်သူကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ
ဆက်သွယ်မေးမြန်းရာတွင် ယခုကဲသို့ ပြောကြားသည်။

“ဒီအခြေအနေကို ကျနော်တို့ မသိသေးဘူး။ မြေပြင်ကလူတွေ သတင်းမပို့လာသေးဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

လက်ရှိတွင် ဒေသခံများက ပစ်ခတ်တိုက်ခိုက်မှုအခြေအနေများကြောင့် စစ်ကော်မရှင်ဘက်က လုံခြုံရေးတိုးမြှင့်လာမှုနှင့် စစ်ဆေးမေးမြန်းမှု တင်းကြပ်လာမည်ကို စိုးရိမ်းနေကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လက ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဧပြီလတွင် စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့သည်။

ထိုအချိန်မှစပြီး ကော့ဘိန်းကျေးရွာအပြင် ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက် အစရှိသည့် ကျေးရွာများအတွင်း  ယနေ့ချိန်အထိ ဝင်ရောက်တပ်စွဲထားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts