Homeသတင်းစစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအတွင်း အရပ်သားများကို သတ်ဖြတ်နေ

စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအတွင်း အရပ်သားများကို သတ်ဖြတ်နေ

-

စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၁၁၇ ဦးခန့် သေဆုံးသွားခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှုများကြောင့် ရက် ၁၀၀ စီမံကိန်းအတွင်း အရပ်သား ပြည်သူ ၁၁၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်များအရ သိရသည်။

အတည်ပြု သေဆုံးသွားခဲ့သည့် အရပ်သားပြည်သူ ၁၁၇ ဦးထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၂၂ ဦး၊ အမျိုးသမီး ၃၉ ဦးအထိ ပါဝင်ပြီး၊ အတည်ပြုရန် ၃၀၀ ခန့် ထပ်ရှိနေသေးသည်ဟု AAPP ၏ အချက်အလက်တွင် ဖော်ပြထားသည်။

သေဆုံးသူများသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အရပ်သားပြည်သူများ ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပြုလုပ်ပေးနေသူ ရခိုင်ကဗျာဆရာ ဦးဝေဟင်အောင်က “ရက် ၁၀၀ မက၊ ရက်တစ်ထောင်ပဲလုပ်လုပ်၊ ရက်တစ်သောင်းပဲလုပ်လုပ် အကြမ်းဖက်နေမှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း အကြမ်းဖက်ပြီး အာဏာရယူထားတာဖြစ်တဲ့အတွက် သူ့ကို မထောက်ခံတဲ့သူတိုင်းကို ရန်သူလိုသဘောထားပြီးတော့ တွေ့ရင် တွေ့သလို၊ ကြုံရင် ကြုံသလို သတ်ဖြတ်တာတွေက ဆက်လုပ်နေအုံးမှာပဲ” ဟု မှတ်ချက်ပြုသည်။

စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းကြေညာပြီး ၂ ရက်အကြာ ဧပြီလ ၂၂ ရက်နေ့တွင်ပင် ကရင်ပြည်နယ်၊ သံတောင်ကြီး၊ ဘိုတောင်ရွာသို့ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကလေးငယ်များအပါအဝင် လူ ၁၀ ဦးခန့် သေဆုံးသွားခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ မြစ်ခြေမြို့ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူ ၄၀ နီးပါးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။

စစ်တပ်က မြစ်ခြေမြို့ပေါ်နှင့် အနီးနားရှိကျေးရွာများက ဘုန်းတော်ကြီးများ၊ ကလေးငယ်များကို သတ်ဖြတ်ပြီး အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောၚ်နေသူတို့ထံမှ သိရသည်။

“သူတို့ ဒီနေရာကို နယ်မြေ မစိုးမိုးနိုင်တဲ့အတွက် ဒီလိုလုပ်သွားတယ်။ အခုပြည်သူတွေ လက်ရှိခံစားနေရတာက ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်းပေါ့နော် ဒါတွေနဲ့မဆိုင်တော့ဘူး။ စစ်တပ်က တနိုင်ငံထဲက ပြည်သူတွေကို တခြားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားနေသလို သတ်ဖြတ်နေတာကတော့ တော်တော်ကို ဆိုးရွားပါတယ်ဗျာ” ဟု မြစ်ခြေမြို့တွင် လူသားချင်စာနာမှု အကူအညီများ ရရှိရေး ဆောင်ရွက်နေသူ ကိုစိုးထွဋ်က ဆိုသည်။

စစ်တပ် စစ်ကြောင်းများက အညာဒေသတွင် နေအိမ်မီးရှို့မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

စစ်အုပ်စု၏ ရက် ၁၀၀ စီမံကိန်းသည် ငြိမ်းချမ်းရေးအတွက် မဟုတ်ပဲ အပြစ်မဲ့ ကလေးများ၊ အမျိုးသမီးများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦးများကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်၊ ဖျက်ဆီးဖို့နှင့် ပြည်သူများကို အကြောင်တရားနှင့် ဖိနှိပ်အုပ်ချုပ်ရန် လုပ်ဆောင်နေသည့် စီမံကိန်းဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts