ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ကုလသမဂ္ဂသံရုံး၌ မေ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် (၂၁) ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓနေ့ (Vesak Day) အခမ်းအနားတွင် ကမ္ဘာ့ပဋိပက္ခများအား ဓမ္မနည်းဖြင့် ဆွေးနွေးအဖြေရှာခဲ့ကြောင်း ပါဝင်တက်ရောက်ခဲ့သူများ၏ ပြောပြချက်အရ သိရသည်။
ထိုင်းဒု-ဝန်ကြီးချုပ်၊ နန်းတွင်းအရာရှိများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ သံဃာတော်များ၊ မွန်သံဃာတော်အဖွဲ့များနှင့် မွန်အဖွဲ့အစည်းများ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့ပဋိပက္ခအရေးကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်ဟု တက်ရောက်ခဲ့သည့် မွန်သံဃာတစ်ပါးက မိန့်ကြားသည်။

“ဒီနေ့အခမ်းနားမှာက ကမ္ဘာမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အမျိုးသမီးနဲ့ကလေးငယ်အကြောင်းကိုခေါင်းစဉ်ခွဲပြီးတော့ တရားဓမ္မနည်းနဲ့ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာကို ဆွေးနွေးအဖြေရှာကြတယ်။ ဗုဒ္ဓလမ်းစဉ်အကြောင်းကို ရှင်းပြတယ်။” ဟု မိန့်သည်။
ယခုနှစ် ကမ္ဘာ့ဗုဒ္ဓနေ့((Vesak Day) နေ့ကို ကမ္ဘာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်မျှဝေခံစားနိုင်ရေးအတွက် ဗုဒ္ဓဘာသာ၏ ဓမ္မပညာ” ဆိုသည့် အဓိကဆောင်းပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဗုဒ္ဓနေ့ (World Vesak Day) ကို ရက်စွဲအတိကျသတ်မှတ်ထားခြင်းမရှိသော်လည်း များသောအားဖြင့် မေလတွင် အများဆုံးကျင်းပပြုလုပ်လေ့ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားထားသည်။
လာမည့် (၂၇)ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓနေ့ (World Vesak Day) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း နှင့် ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ သံဃာတော်များ၊ ပညာရှင်များနှင့် ဘာသာရေးအဖွဲ့အစည်းများ ဦးဆောင်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“နောက်နှစ်ဆိုရင် ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပရမဲ့အလှည့်ရောက်လာပြီး။ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှာ ၂ ရက်ကျင်းပြီးတော့ UN ကုလသမဂ္ဂသံရုံး မှာ တစ်ရက်ကျင်းပသွားမယ်လို့ အစီစဉ်ချထားတယ်။” ဟု အထက်ပါ ဆရာတော်က ဆက်လက်မိန့်ကြားထားသည်။
ဗုဒ္ဓဘာသာကိုးကွယ်သည့် ကမ္ဘာ့နိုင်ငံအသီးသီးမှသံဃာတော်အဖွဲ့နှင့် သီရိလင်္ကာသံဃာတော်အဖွဲ့စည်းတို့ပူးပေါင်းပြီး ဂေါတမဗုဒ္ဓ၏ ဖွားမြင်ခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်ခြင်း တစ်ရက်တည်းတွင်တိုက်ဆိုင်ဖြစ်ခဲ့သည့် အထင်ကရဖြစ်ရပ် (၃) ရက်အတွက် ကမ္ဘာ့လုံးဆိုင်ရာအရေးပါသောနေ့အဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂသို့ ၁၉၉၈ ခုနှစ်တွင် တင်ပြခဲ့သည်။
ထို့နောက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ကုလသမဂ္ဂအဖွဲ့ထံ ခွင့်ပြုချက်ရရှိခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓနေ့ပထမဆုံးအကြိမ်အခမ်နားကို ၂၀၀၅ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် စတင်ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာ့ဗုဒ္ဓနေ့ (World Vesak Day) အခမ်းအနားများတွင် ဗုဒ္ဓသာသနာကို နိုင်ငံတကာအဆင့်တွင် ပိုမိုအသိအမှတ်ပြုလာစေရန်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပလေ့ရှိကြောင်း သိရသည်။
(၂၁) ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓနေ့ (World Vesak Day) ကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၇၀ မှ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ပညာရှင်နှင့် ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။



