Homeသတင်းမွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲ ဖြေဆိုအာင်မြင်သူ ၄၀၀၀ ကျော်ရှိ

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲ ဖြေဆိုအာင်မြင်သူ ၄၀၀၀ ကျော်ရှိ

-

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူပေါင်း ၄၀၀၀ ကျော်ရှိကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၅၅၈၉ ဦးရှိခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ၅၁၀၅ ဦးသာ ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၄၄၂ ဦး အောင်မြင်ခဲ့သည်။

အောင်စာရင်းထုတ်ပြန်ချက်များအရ အောင်မြင်သူ ၄၀၀၀ ကျော်အနက် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅ ဦးနှင့် သမိုင်းတန်းအားလုံးဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၂ ဦးရှိသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ အောင်မြင်သူဦးရေ များပြားသည့်အပေါ် ဝမ်းမြောက်ကြောင်းနှင့် ရှေ့ဆက် မွန်စာပေသင်ကြားရေးဆောင်ရွက်ရာတွင် အင်အားဖြစ်စေသည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေသင်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။

“ ဒီကလေးတွေက မွန်သမိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီးလို့ ဆရာတော်တို့ မှတ်ချက်ပြုထားပါတယ်။ မွန်သမိုင်းကို သိပြီးတော့ အနာဂတ်မှာ မွန်စာပေ၊ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းရေး ကဏ္ဍတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်သွားကြမယ်ဆိုတာကို မျှော်လင့်ထားတယ်။ ” ဟု ဆရာတော်က မိန့်သည်။

ပြီးခဲ့သည့် ၂၆ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၄၀၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်သာ အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် ၉၀ ရာခိုင်နှုန်းနီးပါးဖြင့် ဖြေဆိုအောင်မြင်သူများလျှက်ရှိကြောင်း ဆိုသည်။

မွန်သမိုင်းတန်း ၆ တန်း၏ ထူးချွန်ဆုများကို ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးနှင့် ဘားအံမှ ကျောင်းသား၊ ကျောင်းသူများက အများဆုံး ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်မြင်သူများအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို လာမည့် မေလ ၃၁ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင်သာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts