Homeသတင်းKNA ခွင့်ပြုချက်ဖြင့် ရွှေကုက္ကိုမှ အဆောက်အဦးအချို့ကို စစ်တပ်ဝင်ဖြို

KNA ခွင့်ပြုချက်ဖြင့် ရွှေကုက္ကိုမှ အဆောက်အဦးအချို့ကို စစ်တပ်ဝင်ဖြို

-

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုဒေသမှ ကျားဖြန့်အဆောက်အဦးများကို ဗိုလ်ချုပ်စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော် KNA၏ ခွင့်ပြုချက်ဖြင့် မေလ ၂၅ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ်က ဝင်ရောက်ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၅ ရက်နေ့တွင် ရွှေကုက္ကိုဒေသမှ လေးထပ်တိုက် ကျားဖြန့်အဆောက်အဦး ၂ လုံးအား ဖြိုချခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင်လည်း ဖော်ပြသည်။

အဆိုပါအဆောက်အဦးများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ချိတ်ပိတ်ထားခဲ့သည့် အဆောက်အဦများဖြစ်ပြီး KNA မှ ခွင့်မပြုသဖြင့် မဖြိုနိုင်ခဲ့သည့် နေရာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

KNA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က “ကျားဖြန့်အဆောက်အဦးတွေကို တစ်ရက် အဆောက်အဦးနှစ်လုံးနှုန်းနဲ့ ရွှေကုက္ကိုမြိုင်မြို့သစ်က ၄ ထပ်တိုက်ခန်း အဆောက်အဦး(၃၀)ကျော်ကို ဖျက်ဖို့ရှိတယ်။ “ဟု ပြောသည်။

ယခုဖြိုချသည့် အစီအစဉ်ကို ကျားဖြန့်နှိမ်နှင်းရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း အဆိုပါ အဆောက်အဦးများကို ဦးစီးသည့် ကျားဖြန့်ခေါင်းဆောင်များကိုမူ ဖမ်းမိထားကြောင်း ထုတ်မပြနိုင်ပေ။

အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးဟုဆိုကာ စစ်အုပ်စုမှ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများကို ရှင်းလင်းလျှက်ရှိပြီး ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အဆောက်အအုံ (၇၇) လုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဆင့် (၂) ဆင့်ဖြင့် ဖျက်ဆီးနေကြောင်း ထုတ်ပြန်ပြောဆိုသည်။

အမေရိကန်က ကရင်ပြည်နယ် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံအထိ ရောက်ရှိနေပြီး စုံစမ်းထောက်လှမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ကျားဖြန့်လုပ်ငန်းများတွင် အာဏာသိမ်းစစ်တပ်အရာရှိများ ပါဝင်ပတ်သက်နေသည့် အစီရင်ခံစာများ၊ ဖော်ထုတ်ရေးသားမှုများကြောင့် စစ်တပ်အနေဖြင့် နှိမ်နင်းရေးကိစ္စများကို ဟန်ပြသာလုပ်နေသည်ဟု ကျားဖြန့်လုပ်ငန်းများကို စောင့်ကြည့်နေသည့် ကရင်ရှေ့နေတစ်ဦးဖြစ်သူ ဦးဘဦးလေးက ဆိုသည်။

“ကျားဖြန့်လုပ်ငန်းတွေမှာ သူတို့အနေနဲ့က တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ပဲ ကျွန်တော်က ပြောချင်ပါတယ်။ ဒါကြောင့်လည်း သူတို့က ကျားဖြန့်အဆောက်အဦတွေဆီဝင်တုန်းကဆိုရင် ဒီကမိတဲ့ ကွန်ပျူတာတွေ၊ သက်သေခံပစ္စည်းတွေကို ပြည်ထဲရေးအောက်ကို အပ်ရမှာ။ ဒါပေမယ့် ဒါတွေကို ဖျက်စီးပစ်တယ်။ ဒါဟာ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုပဲ။ သူတို့အနေနဲ့က ကျားဖြန့်နှိမ်နှင်းရေးဆိုတာ ဟန်ပြပဲ လုပ်နေတာ”ဟု ဆိုသည်။

အဆိုပါ အဆောက်အအုံများကို စစ်တပ်မှ ဖျက်ဆီးပြနေသော်လည်း တစ်ဖက်တွင် မြို့တွင်းရှိ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ရွှေကုက္ကိုတွင် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်များက အလုပ်အကိုင်အသစ်များ ဆက်ပြီးခေါ်ယူနေသည့် အလုပ်ခေါ်စာများကို တယ်လီဂရမ်တွင် တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts