Homeသတင်းစစ်အင်အားဖြည့်ပြီးနောက် ကချင်ကို စစ်အုပ်စု ထိုးစစ်ဆင်

စစ်အင်အားဖြည့်ပြီးနောက် ကချင်ကို စစ်အုပ်စု ထိုးစစ်ဆင်

-

စစ်အုပ်စုမှ ကချင်ပြည်နယ်အတွင်း စစ်အင်အားများ ဖြည့်တင်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ယခုရက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ရွှေကူ၊ မိုးမိတ် – မဘိမ်းလမ်းတစ်လျှောက်နှင့် စစ်ကိုင်း – ကချင်အစပ် မော်လူး၊ အင်းတော်တို့တွင်လည်း တိုက်ပွဲတွေဖြစ်ပွားနေသည်ဟု သိရသည်။

မေလအစောပိုင်းက မြစ်ကြီးနားကို စစ်အုပ်စုက စစ်အင်အားဖြည့်တင်းလာပြီးနောက် မိမိတို့ KIA တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဓာတ်ပုံ – ကချင်လွတ်လပ်ရေးတပ်မတော်အား တွေ့ရစဉ် (အင်တာနက်)

“ အခုလည်း သူတို့ လုံခြုံရေးတွေ တင်းကြပ်ထားတာ ရှိပါတယ်။ ဒါကြောင့် အဲဒီတကြောလုံးမှာလည်း တိုက်ပွဲကတော့ အချိန်မရွေးပေါ့နော်၊ တိုက်ပွဲဖြစ်တာတော့ ရှိပါတယ်။ ဖြစ်လည်း ဖြစ်နေပါတယ်။ အဲဒီ ကသာတို့ မော်လူးတို့ မော်ဟန်တို့ပေါ့နော်၊ အဲဒီတကြောလုံးမှာလည်း တိုက်ပွဲကတော့ ရှိပါတယ်” ဟု ပြောသည်။

စစ်အုပ်စုသည် KIA နှင့် PDF တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို မေလ ၅ ရက်တွင် မော်လူးမြို့တို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် KIA မဟာမိတ်ပူးပေါင်းတပ်တို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ထီးချိုင့်၊ ကသာ၊ အင်းတော် – နဘား၊ မော်လူး၊ နန့်စီးအောင် လမ်းပိုင်းများအားလုံးကို မေလ ၂၄ ရက်မှစ၍ အသုံးမပြုကြရန် အင်းတော် ပကဖမှ အသိပေးထုတ်ပြန်ထားသည်။

ရှမ်းမြောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စုတို့ အပစ်ရပ်ခြင်းကြောင့် အခြားသော ဒေသများသို့ စစ်အုပ်စုက ထိုးစစ်ဆင်လာခြင်း ဖြစ်နိုင်သလို တော်လှန်ရေး အင်အားစုတို့ ညီညွတ်မှု မရှိခြင်းကြောင့်လည်း ပါဝင်ကြောင် ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

 “ဒီဟာတွေက ဖြစ်နိုင်ပါတယ်။ ဒါတွေက ဖြစ်နိုင်တယ်။ ဒါပေမဲ့ တဖက်ကနေ ကြည့်ရင်လည်း ထိုးစစ်ဆင်တာကတော့ သူတို့အနေနဲ့ ထိုးစစ်ဆင်မယ်ဆိုတဲ့ဟာက နဂိုကတည်းက ရှိပုံရတယ်။ Plan (အစီအစဉ်) ကတော့ ရှိပုံရပါတယ်။ အဓိကတော့ တော်လှန်ရေးတွေ ညီညွတ်မှု မရှိဘူးပေါ့ဗျာ၊ အဲဒီအပေါ်မှာတော့ မူတည်ပါတယ်။ တော်လှန်ရေးဆိုတဲ့နေရာမှာ အကုန်လုံးပေါ့ဗျာ၊ EAOဘက်ကရော PDF ဘက်ကရော ညီညီညွတ်ညွတ် မရှိဘူး။ မရှိဘူးလို့ပဲ ပြောရမလားပေါ့ဗျာ၊ အဲဒီဖက်ကနေပဲ အားနည်းတယ်လို့ ပြောရမလားပဲပေါ့၊ တခုခုကြောင့်ပဲ ဒီလိုမျိုးဖြစ်လာတယ်ပေါ့ဗျာ” ဟု‌ ပြောသည်။

စစ်ကိုင်း နှင့် ကချင်အစပ် မော်လူးမြို့၊ အင်းတော်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံ ထောင်နှင့်ချီတို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကချင်ဒေသများကို စစ်အုပ်စုက စစ်အင်အားအများအပြား ဖြည့်တင်းထားခြင်းကြောင့် မန္တလေး – မြစ်ကြီးနားလမ်းတစ်လျှောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အသိပေးပြောကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts