Homeသတင်းပေါင်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး တရားစွဲဆိုခံထားရ

ပေါင်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး တရားစွဲဆိုခံထားရ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတစ်ဦး တရားမဝင်လက်နက်ကိုင်ဆောင်မှုနှင့် ဒေသခံပြည်သူများအပေါ် အဓ္မမငွေကြေးတောင်းခံမှု၊ အနိုင်ကျင့်မှု စသည့်ကိစ္စများဖြင့် တရားစွဲဆိုခံထားရသည်ဟု နီးစပ်သူတို့ ထံမှ သိရသည်။

ကဒုံစီးရပ်ကွက်မှ အုပ်ချုပ်ရေးမှုး ဦးအောင်မျိုးဦးကို ဒေသခံများ၏ တိုင်ကြားချက်အရ သထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အုပ်ချုပ်ရေးမှုးအား တာဝန်မှရပ်ဆိုင်းရန် ညွှန်ကြားစာပေးပို့ခဲ့သည်။

အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ယူစဉ်က ကျူးလွန်ခဲ့သည့် အိမ်အရောင်းအဝယ်စာချုပ်အား စုတ်ဖြဲမီးရှို့ခဲ့သည့် အမှုအပါအဝင် အခြားသော ပြစ်မှုများကို ဒေသခံများက အမှုဖွင့်ထားကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဒေသခံအားလုံးက သူ့ကိုမကျေနပ်နေကြတာ၊ သူနဲ့စာချုပ်မချုပ်လို့ဆိုပြီး အဲ့စာချုပ်မီးရှို့ပစ်လိုက်တယ်။ အဲ့ကြောင့် သူ့ကိုတရားစွဲထားကြတာ၊ ပုဒ်မ ၅၀၀ ၊ နောက်ပုဒ်မတွေလည်း ရှိတယ်။ အားလုံး အမှု ၄ ခု တရားရင်ဆိုင်နေရတယ်”ဟု ၎င်းက ဆိုသည်။

ဦးးအောင်မျိုးဦးမှာ ရပ်ကွက်နေပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း မောက်မာမှုများရှိသည့်အပြင် အဆင်မပြေမှုများစွာရှိကြောင်း နှင့် ငွေကြေးကိစ္စအရှုပ်အရှင်းများလည်းရှိနေကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

၎င်းသထုံခရိုင်အထွေထွေအုပ်ရုံးမှ ရာထူရပ်ဆိုင်းမှု ညွှန်ကြားစာပေးပို့ခဲ့သော်လည်း မေလ ၁၈ ရက်နေ့ ညနေအထိ နေအိမ်တွင် အလုပ်လုပ်နေသေးကြောင်း ဆိုသည်။

လက်ရှိတွင် တာဝန်မှရပ်နားခံထားရသူ အုပ်ချုပ်ရေးမှုးကို အာမခံဖြင့် နေအိမ်တွင်သာ အကျယ်ချုပ်ထိန်းသိမ်းထားကြောင်းလည်း ဆိုသည်။

“ရာထူးက မရပ်လို့လည်း မရတော့ဘူး။ သူ့ကိုတိုင်တဲ့သူတွေက စောင့်ကြည့်နေတာလေ၊ ဒီကိစ္စက ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်လား၊ မပတ်သက်လားတော့မသိဘူး။ အာမခံရတာကလည်း သူ့ပုဒ်မတွေက အာမခံ ရတဲ့ပုဒ်မတွေ ဖြစ်နေတယ်။ ထောင်ကျခြင်း မကျခြင်းက တရားရုံးဆုံးဖြတ်ချတဲ့ပေါ်မှာ မူတည်တယ်”ဟု အထက်ပါသူက ဆက်ပြောသည်။

ပစ်မှုများကို ပေါင်မြို့နယ် တရားရုံး၌ စစ်ဆေးဆဲအဆင့်တွင်သာရှိနေသေးပြီး ဦးအောင်မျိုး၏ ပြစ်မှုများကို မျက်ကွက်မပြုဘဲ တရားဥပဒေနှင့်အညီ ဆုံးဖြတ် ချက်ချမှတ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ပေါင်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၈) ခုရှိရာ ဥတ္တံတားကျေးရွာ နှင့် ယခု ကဒုံစီးရပ်ကွက်တို့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးမရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts