Homeသတင်းကရင်နယ်ခြားစောင့်တပ် BGF ထံ တာဝန်ထမ်းဆောင်သူ များပြားလာ

ကရင်နယ်ခြားစောင့်တပ် BGF ထံ တာဝန်ထမ်းဆောင်သူ များပြားလာ

-

စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ လူငယ်၊ လူလတ်ပိုင်းအရွယ် ဒေသခံများ ကရင်လက်နက်ကိုင် BGF အဖွဲ့ထံ ဝင်ရောက်တာဝန်ထမ်းဆောင်သူ များပြားလာသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်မှုထမ်းအစားထိုးခေါ်ယူရန်ခက်ခဲလာသည့် ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်တွင် ဒေသခံလူငယ်များ နည်းအမျိုးမျိုးဖြင့်  စစ်မှုထမ်းသင်တန်းသို့ ပေို့ဆောင်ခံနေရသည်။

ထိုကြောင့် အဆိုပါ မြို့နယ်အတွင်းနေထိုင်သည့် စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်သည့် ကရင်၊မွန်နှင့် ပအိုဝ့် လူငယ်များက BGF အဖွဲ့နှင့် ချိတ်ဆက်ပြီး စစ်သင်တန်းတက်ကာ ဝင်ရောက်တာဝန်ထမ်းဆောင်သူ များပြားလာသည်ဟု BGF ရဲဘော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုတလော BGF အဖွဲ့မှာ ဝင်ရောက်တဲ့လူတွေက တော်တော်များလာတယ်။ ထိုင်းမှာရှိတဲ့ လူတွေတောင် ပြန်လာပြီး BGF အဖွဲ့ထဲကို ဝင်တယ်။ သူတို့ဆီ အဖွဲ့ဝင်လုပ်ထားရင် စစ်တပ်မှာ စစ်မှုမထမ်းရတော့ဘူးလေ။ ပြီးတော့ အခွင့်အရေးတွေလည်း များတယ်။ တစ်ယောက်ဆိုရင် တစ်လကို အနည်းဆုံး ၅ သိန်း ပေးတယ်။ ဘာမှ လုပ်စရာမလိုဘူး။ ” ဟု ၎င်းက ပြောသည်။

 BGF အနေဖြင့် ၄င်တို့ ထိန်းချုပ်နယ်မြေရှိ တပ်ရင်းများတွင် ၃ လတစ်ကြိမ် အခြေခံစစ် သင်တန်းကျောင်းကို ဖွင့်လှစ်နေပြီး အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ရာကျော်ရှိကြောင်း ဆိုသည်။

အဆိုပါ စစ်သင်တန်းကျောင်းတက်ရောက်ထားသူများ စစ်ကော်မရှင်အဖွဲ့ထံ စစ်မှုထမ်းရန် မလိုသည့်အပြင် လက်နက်ကိုင်ဆောင်ခွင့်ပေးထားပြီး တရားမဝင် မှောင်ခိုလုပ်ငန်းများကိုလည်း အလွယ်တကူ လုပ်ပိုင်ခွင့်ပေးထားသည်ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။

“ဒီဘားအံဘက်က ကျေးရွာတွေမှာဆိုရင် သာမန်လူကတော့ သိပ်မရှိသလောက်ပဲ။ အကုန်လုံးက BGF အဖွဲ့ဝင်တွေ ဖြစ်နေကြတာ။ ရွာတွေမှာ ပစ္စတိုလက်နက် တစ်ကာကာနဲ့ ရွာလှည့်ပတ်နေကြတာ။ ကရင်တွေလောက်ဆို မပြောနဲ့လေ၊ အခုက မွန်စစ်စစ်တွေတောင် BGF အဖွဲ့ဝင် ဖြစ်နေတယ်။ ” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်သင်တန်းပြီးမြောက်သူများ တရားမဝင်မှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်နေသူများရှိသလို လမ်း၊ တံတား၊ ကူးတို့ဆိပ်နေရာကဲ့သို့ စစ်ဆောင်ရေးဂိတ်များတွင် ဂိတ်စောင့်အဖြစ် အကျိုးခံစားဖွင့်ရှိကြောင်း ဆိုသည်။

ကရင်နယ်ခြားစောင့်တပ် BGF သည် ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဒေသအပါအဝင် တပ်နယ် ၄ နယ်နှင့် တပ်ရင်း ၁၃ ရင်း ရှိကာ တပ်အင်အား သောင်းဂဏန်းအထိ ရှိနေပြီး စစ်ရေးပဋိပက္ခများတွင် စစ်ကော်မရှင်စစ်ကြောင်းကို စစ်ကူပေးခြင်း၊ လမ်းညွှန်းပေးခြင်းနှင့် လက်နက်ရိက္ခာ ပို့ပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အဆိုပါ တပ်နယ် ၄ ခုအနက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်မဟာ ၂ နှင့် တပ်မဟာ ၃ တို့သည်၂၀၂၆ ခုနှစ်ဆန်းပိုင်းက လက်အောက်ခံတပ်များကိုပါ KNA ဘက်တံဆိပ်အထိ ပြောင်းလဲခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts