Homeသတင်းသံရုံးထောက်ခံစာကိစ္စပြီးဆုံးပါက မွန်ရွှေ့ပြောင်းလုပ်သားအမျိုးသမီး၏ ဈာပနအခမ်းအနားပြုလုပ်သွားမည်

သံရုံးထောက်ခံစာကိစ္စပြီးဆုံးပါက မွန်ရွှေ့ပြောင်းလုပ်သားအမျိုးသမီး၏ ဈာပနအခမ်းအနားပြုလုပ်သွားမည်

-

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ကုန်တင်ရထားနှင့် ဘတ်စ်ကားယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သည့်ကျုံဖဲရွာခံ မွန်ရွှေ့ပြောင်းလုပ်သား မအေးအေးမြင့်၏ ရုပ်အလောင်းကို မေလ ၂၃ ရက်နေ့တွင် ဈာပနအခမ်းအနား ပြုလုပ်သွားရန်ရှိသည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

မအေးအေးမြင့် မိသားစုဝင်များမှ လက်ရှိတွင် အထောက်အထားစာရွက်စာတမ်း လုပ်ဆောင်ရန်အဆင့်များအပြင် မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကြောင့် ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ခွင့်မရသေးကြောင်း သိရသည်။

ဈာပနအခမ်းအနားကို ဘန်ကောက်မြို့၊ ဒင်ဒန်းမြို့နယ်၊ ဝတ်ဖရွန်ဝံသာရမ် (ဝတ်လွမ်ဖောနင်) ကျောင်းတိုက်တွင် မွန်ရိုးရာအတိုင်း ပြုလုပ်သွားမည်ဖြစ်သဖြင့် နီးစပ်ရာ မိတ်ဆွေနှင့် ဆွေမျိုးများ လာရောက်ပို့ဆောင်ရန်လည်း ဖိတ်ကြားထားသည်။

“ခုတော့ ဆေးရုံးကနေ ရုပ်အလောင်းကို ထုတ်ယူဖို့ ဘန်ကောက်ကမြန်မာသံရုံးကနေ ထောက်ခံစာ ထုတ်နေရတယ်။ ထုတ်ယူလို့ရပြီးတာနဲ့ နာရေးအစီအစဉ်တွေကို ပြုလုပ်သွားမယ်” ဟု မအေးအေးမြင့်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာဇာတိမှ မွန်ဒေသခံအမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်၍ မိသားစုစားဝတ်နေရေးအတွက် တာဝန်ယူနေရသူဖြစ်သည်ဟု သိရသည်။

“မအေးအေးမြင့်က ထိုင်းရောက်နေတာ ၁၀ နှစ် ကျော်ကြာနေပြီး။ အလုပ်လုပ်ပြီး မိဘကိုလဲ ထောက်ပံ့နေသူဖြစ်တယ်။ သူ့မခင်ပွန်းက ခယား(အပြင်)ကျေးရွာကပဲ။ ဒါကြောင့် (၆)နှစ်အရွယ်ခန့်ရှိတဲ့ သူမကလေးကို ယောက္ခမအိမ်မှာထားထားတယ်” ဟု ၎င်း၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက် ညနေပိုင်းတွင် မအေးအေးမြင့်သည် ၎င်းအလုပ်လုပ်ကိုင်ရာ စားသောက်ဆိုင်မှ အလုပ်သိမ်း၍ နေအိမ်သို့ပြန်ရန် ဘန်ကောက်ဘတ်စ်ကားလိုင်း အမှတ် ၂၀၆ ကို စီးနင်းလာစဉ် မက္ကဆန် (Makkasan) ရထားလမ်းမှတ်တိုင်အနီးတွင် ဘတ်စ်ကားကို ကုန်တင်ရထား ဝင်တိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသူ ၈ ဦးအနက် ၄ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း မူခင်းဆရာဝန်များမှ အတည်ပြုနိုင်ခဲ့ပြီးဖြစ်သဖြင့် ရုပ်အလောင်းများကို သက်ဆိုင်ရာမိသားစုဝင်များထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts